By Igor Blazevic
မြန်မာ့ပြည်မှာ ဖြစ်ပျက်နေတာတွေဟာ အင်မတန်ကို ထူးခြားပါတယ်။ လူတော်တော်များများက သတိမထားမိကြပေမယ့် ကနေ့မြန်မာပြည်မှာ ဖြစ်နေတာတွေကို ကျွန်တော်ကတော့ ဒုတိယကမ္ဘာစစ်အတွင်းက ဖက်ဆစ်ဆန့်ကျင်ရေး၊ နာဇီဆန့်ကျင်ရေးလှုပ်ရှားမှုတွေ၊ ဒုတိယကမ္ဘာစစ်အပြီးမှာ ဖြစ်ပျက်ခဲ့တဲ့ ကိုလိုနီလွတ်မြောက်ရေးတိုက်ပွဲတွေနဲ့ တောင်အာဖရိကမှာ ဖြစ်ပျက်ခဲ့တဲ့ အပါ့သိုက် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ၊ ပိုလန်မှာ ဖြစ်ခဲ့တဲ့ သွေးစည်းညီညွတ်ရေးလှုပ်ရှားမှုတွေနဲ့ နှိုင်းပါတယ်။ ဖြစ်တောင့်ဖြစ်ခဲ့ကိစ္စလို့ ဆိုလိုတာပါ။ ဝမ်းနည်းကြေကွဲဖွယ်ကိစ္စတစ်ခု၊ စစ်ပွဲတစ်ခုဆိုတာထက်ကိုပိုပါတယ်။ အခုဖြစ်နေတာက သမိုင်းကို ပြောင်းလဲပစ်မယ့် ကိစ္စမျိုးပါ။
ခုနက ပြောခဲ့ကြသလိုပဲ ဒီလို သမိုင်းတစ်ခေတ်ဆန်းစေမယ့် အဖြစ်တွေ ပေါ်ပေါက်လာတာဟာ မြန်မာပြည်သူတွေရဲ့ ပြောင်မြောက်လှတဲ့ သတ္တိကြောင့်၊ သာမန်ပြည်သူတွေရဲ့ အားကောင်းလှတဲ့ ကြံ့ကြံ့ခံ တောင့်ခံနိုင်စွမ်းကြောင့်ပါပဲ။ ဒီပြည်သူတွေဟာ လွတ်လပ်ခွင့်ကို မြင်ခဲ့၊ ကြုံခဲ့ရကြရတယ်။ ဒီတစ်ကြိမ်မှာတော့ ဒီလွတ်လပ်ခွင့်ကို ပြန်ယူသွားတာကို လက်မခံနိုင်တော့ဘူးလို့ သန္နိဌာန်ချထားကြတယ်။
စစ်တပ်ဟာ ပြိုတော့မှာပါ။ ဒါပေမယ့် မြန်မာ့အိမ်နီးချင်းတွေနဲ့ တခြားနိုင်ငံတကာအသိုင်းအဝိုင်းက လုပ်နေတာ တွေကြောင့် ဘယ်လောက်ကြာမယ်ဆိုတာကို မသိနိုင်ပါဘူး။ စစ်တပ်ပြိုကျဖို့ အချိန်ကြာလေလေ၊တိုင်းပြည်ရဲ့ ဆင်းရဲတွင်းက နက်လေလေဖြစ်ပြီး အပျက်အစီးကလည်း ပိုကြီးနိုင်ပါတယ်။ ဒီလိုဖြစ်လာနိုင်တာဟာ တိုက်ပွဲတွေကြောင့်မဟုတ်ဘဲ စစ်တပ်က အရပ်သားပြည်သူတွေအပေါ် အကြမ်းဖက်စစ်ပွဲ ဆင်နွှဲနေလို့ပဲ ဖြစ်ပါတယ်။
ဒီအကြောင်းကြောင့်ပဲ မြန်မာ့အိမ်နီးချင်းတွေ၊ အာဆီယံ၊ ကုလသမဂ္ဂ၊ နိုင်ငံတကာအသိုင်းအဝိုင်း၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က မြန်မာပြည်မှာ ဖြစ်ပျက်နေတဲ့ အတိဒုက္ခတွေကိုရော၊ ပေါ်ပေါက်လာတဲ့ အခွင့်ထူး တွေကိုရော အရေးတယူပြု ပြီး တုံ့ပြန်ဆောင်ရွက်ဖို့ သတိပေး ခေါင်းလောင်းတွေ အကြီးအကျယ်မြည်နေတဲ့အချိန်ဖြစ်ပါတယ်။
မြန်မာပြည်ထဲက တော်လှန်ရေးအင်အားစုတွေထဲမှာ ကျေလည်တဲ့ သဘောတူညီမှုတွေ အပြည့်အဝရှိကြသလို နားလည်မှုကိုလည်းပြည့်ပြည့်ဝဝတည်ဆောက်ထားကြပါတယ်။ ပြည်သူလူထုကလည်း ဒီလိုဝိုင်းသဘောတူထားကြတဲ့လမ်းကို လှိုက်လှိုက်လှဲလှဲထောက်ခံနေကြပါတယ်။ မြန်မာပြည်သူတွေနဲ့ မြန်မာပြည်က သက်ဆိုင်ရာ တော်လှန်ရေးအစုအဖွဲ့အသီးသီးဟာ သူတို့ဘာကိုဆန္ဒရှိသလဲဆိုတာ သူတို့သိကြပါတယ်။
သိထားကြသလို သဘောတူထားကြတဲ့အချက်တွေလည်းရှိပြီးသားဖြစ်ပါတယ်။ ဒါကိုလည်း အထပ်ထပ်ပြောဆိုခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ လကလည်း အတူတကွရပ်တည်ကြဖို့အတွက် ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ နောက်ထပ် တော်လှန်ရေးသမားတွေ ထုတ်ပြန်ခဲ့ကြတဲ့ ကြေညာချက်တွေဟာလည်း ဒီလိုပဲ တစ်သဘောတည်းရှိကြပါတယ်။
သူတို့ဟာ ဘာအတွက်တူညီစွာရပ်တည်နေကြသလဲ ဆိုတဲ့အပေါ် ရှင်းလင်းတဲ့ သဘောထားရှိပါတယ်။ ရွေးကောက်ခံ အရပ်သားအစိုးရက အုပ်ချုပ်ပြီး၊ စိတ်ဝမ်းကွဲပြားတတ်တဲ့ ခွဲခြားမှု သဘောမရှိတဲ့နိုင်ငံ၊ နိုင်ငံရေးနဲ့ စီးပွားရေးမှာ စစ်တပ်ရဲ့ လွှမ်းမိုးဗိုလ်ကျမှုမရှိတဲ့ ဖယ်ဒရယ် ဒီမိုကရက်တစ်နိုင်ငံ၊ မြန်မာပြည်သူတွေရဲ့ ကိုယ်ကြမ္မာကိုယ်ဖန်တီးခွင့်ရှိရမယ့် နိုင်ငံကို သွားကြဖို့ ဘုံရည်မှန်းချက်ရှင်းလင်းစွာရှိကြပါတယ်။
ဒီသတင်းစကားဟာ ရှင်းလင်းလှပါတယ်။ ပြည်သူတွေကလည်း အဲဒီဘက်မှ အခိုင်အမာရပ်တည်ကြတယ်။ ဆိုင်ရာအဖွဲ့အစည်းတွေကလည်း အတူတကွရှိကြတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ မြန်မာပြည်ရဲ့ အိမ်နီးနားချင်းနိုင်ငံတွေဟာ သုံးနှစ်လောက်မြန်မာနိုင်ငံအတွက် ဘာမှ မလုပ်ဘဲနေခဲ့ကြတာကို ရပ်ပြီးတော့ နည်းနည်းလေးအရေးလုပ်ဖို့ လိုအပ်လာပြီလို့ အဟုတ်နားလည်ရမယ့်အချိန်ပါ။ မြန်မာပြည်သူတွေဟာ ပင်ပင်ပန်းပန်း ဒီအထိအားထုတ်လာခဲ့ကြပါတယ်။ ကျွန်တော်တို့ဘက်က နည်းနည်းလေး ပါဝင်ကူညီပေးရုံပါပဲ။
မြန်မာအရေးကို ဖြေရှင်းဖို့အတွက် စစ်တပ်ကို အဖြေအဖြစ် မပါမဖြစ် ထည့်စဉ်းစားရမယ်လို့ တွေးနေမယ့်အစား ခွန်ကဆစ် ပြောခဲ့သလို စကစကို နိုင်ငံ တကာအသိုင်းအဝိုင်းက လူအားလုံးက ထွက်သွားလိုက်ဖို့ ပြောကြရတော့မယ့် အချိန်ဖြစ်ပါတယ်။ ထွက်သွားလိုက်လို့ပြောကြပါတော့။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar