ရန်ကုန်လေဆိပ်တွင် PV နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပသွားရောက်သူများကို အထောက်အထား မခိုင်လုံလျှင် ပြည်ပထွက်ခွင့်မပြုဟု စစ်ကောင်စီဝန်ခံ
ရန်ကုန်၊ ဩဂုတ် ၂၈
ရန်ကုန်လေဆိပ်တွင် PV နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပသွားရောက်သူများကို သက်သေ အထောက် အထား မခိုင်လုံလျှင် ပြည်ပထွက်ခွင့်မပြုကြောင်း စစ်ကောင်စီက ယနေ့ ဝန်ခံထုတ်ပြန်သည်။
ပြည်တွင်းသတင်းဌာန တစ်ခု၏ မေးမြန်းချက်ကို စစ်ကောင်စီက ထိုသို့ ထုတ်ပြန် ဝန်ခံလာခြင်းဖြစ်ပြီး PV နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပထွက်ခွာမည့်သူများကို ပြည်ထဲရေးဝန်ကြီးဌာန၊ သတင်းရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ လေကြောင်းရဲတပ်ဖွဲ့၊ အလုပ်သမားဝန်ကြီးဌာနတို့ ပူးပေါင်း ပါဝင်သော အဖွဲ့ဖြင့် စိစစ်ကြောင်း စစ်ကောင်စီက ဆိုသည်။
PV နိုင်ငံကူးလက်မှတ်ဖြင့် အလည်အပတ်သွားရောက်မည့်သူများသည် လိုအပ်သော အပြန်လေယာဉ်လက်မှတ်၊ သွားရောက်လည်ပတ်မည့်နိုင်ငံတွင် တည်းခိုမည့် ဟိုတယ်ဘိုကင်၊ လုံလောက်သော ငွေကြေး Show Money များပါရှိမှု ရှိ၊ မရှိ စိစစ်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။
ရန်ကုန်ခေတ်သစ်သတင်းဌာနက ရရှိထားသော သတင်းအချက်အလက်များရ ဒူဘိုင်း အပါအဝင် အရှေ့အလယ်ပိုင်းနိုင်ငံများ ၊ စင်ကာပူနှင့် မလေးရှားနိုင်ငံများသို့ သွားရောက်မည့်သူ အများအပြား လေဆိပ်မှ လှည့်ပြန်နေရကြောင်း၊ ပထမဆုံးအကြိမ် နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပထွက်ခွာသူများကိုလည်း အထောက်အထား စာရွက်စာတမ်းများ ပြသနိုင်သည့်တိုင် စစ်ကောင်စီပူးပေါင်းအဖွဲ့က လေဆိပ်မှပင် လှည့်ပြန်ခိုင်းနေကြောင်း သိရှိရသည်။
စစ်ကောင်စီက ဩဂုတ်လ ၁၄ ရက်နေ့တွင် နိုင်ငံကူးလက်မှတ် PV ကိုင်ဆောင်၍ ပြည်ပသို့ သွားရောက် အလုပ်လုပ်မည့်သူများကို စိစစ်ပိတ်ပင်မည်ဖြစ်ကြောင်း တရားဝင် ကြေညာခဲ့ခြင်းဖြစ်သည်။ ထို့ပြင် အသက် ၂၃ နှစ်မှ အသက် ၃၂ နှစ်အတွင်း လူငယ် အမျိုးသားများကိုလည်း PJ အလုပ်အကိုင် နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပသို့ ထွက်ခွာ အလုပ်လုပ်ကိုင်ခွင့်ကိုလည်း စစ်ကောင်စီက ပိတ်ပင်ထားကြောင်း သိရှိရသည်။