ပဲခူးရိုးမပေါ် တက်လာသည့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ စကစ ၆၆ လက်အောက်ခံ တပ်ရင်းမှူး ၁ ဦး အပါအဝင် ၂၀ ကျော်သေဆုံး၊ စစ်သားအလောင်းများကို ဖောကား ၂ စီးဖြင့်လိုက်ကောက်နေပြီး ဒရုန်း ၁ စီးကိုလည်း ပစ်ချနိုင်ခဲ့
ရန်ကုန်၊ ဩဂုတ် ၂၈
ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်အပိုင် ပဲခူးရိုးမပေါ် တက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ စကစ ၆၆ လက်အောက်ခံ တပ်ရင်းမှူး ၁ ဦး အပါအဝင် ၂၀ ကျော်သေဆုံးပြီး စစ်သားအလောင်းများကို ဖောကား ၂ စီးဖြင့်လိုက်ကောက်နေကာ ဒရုန်း ၁ စီးကိုလည်း ပစ်ချနိုင်ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဩဂုတ်လ ၂၇ ရက်နေ့ ညနေ ၄ နာရီခန့်တွင် လက်ပံတန်းမြို့နယ်အပိုင် ပဲခူးရိုးမပေါ် တက်လာသည့် အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းကို တောင်တန်းမြိုင်ကျေးရွာအနီးတွင် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ မှ တပ်ခွဲ၂၊ တပ်ခွဲ၃၊ တပ်ခွဲ၆ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ သာယာဝတီဂဠုန်တပ်ဖွဲ့၊ မိုးညိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့် သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တို့မှ ရဲဘော်များ ပူးပေါင်း၍ စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှု အတွင်း လက်နက်ကြီး လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်မှု ၁ နာရီခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ အထိနာ၍ ထန်းပင်ချောင်ရွာမှ စစ်သားများက လက်နက်ကြီး ပစ်ကူများ ပေးသည့်အပြင် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုများပါ လုပ်ဆောင်ခြင်းကြောင့် တော်လှန်ရေး ရဲဘော်များ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။
ယင်း တိုက်ပွဲအတွင်း တော်လှန်ရေး ရဲဘော် ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စကစ ၆၆ လက်အောက်ခံ တပ်ရင်းမှူး ၁ ဦး အပါအဝင် ၂၀ ကျော်သေဆုံးကာ စစ်သားအလောင်းများကို ဖောကား ၂ စီးဖြင့် လိုက်လံ ကောက်ယူနေပြီး စစ်တပ်၏ ဒရုန်း ၁ စီးကိုလည်း ပစ်ချနိုင်ခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေးဘက်က သေဆုံးသူတွေကို ဖောကား ၂ စီး နဲ့ လိုက်ကောက်နေတယ်။ မသာတွေများလွန်းလို့ လက်တွေတောင် ကားတွေကိုထွက်ကြနေတယ်။ သေတာ ၄၀ လောက်ရှိမယ်လို့ယူဆရတယ်။ တိုက်ပွဲထဲမှာ မျက်မြင်အတည်ပြုနိုင်တာ ၂၀ ကျော် ကျွန်တော်တို့ရဲဘော် ၁ ဦး ရင်ဘတ်ကို လက်နက်ကြီးစမှန်တယ်။ သူကလက်နက်ကောက်နေတုန်း ထန်းပင်ချောင်ဘက်က ပစ်တဲ့လက်နက်ကြီးမှန်တာ ဒရုန်း ၁ စီးလည်း ပစ်ချတာ ပျက်စီးသွားတယ်။ စစ်ခွေးတွေ ဒရုန်းနဲ့ ဗုံးလာကျဲတုန်းက ပြန်ဆုတ်ရင်း ရဲဘော်တွေပစ်ချတာ ပျက်ကျသွားတာ” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ပြောဆိုသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် ဆက်လက်၍ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလာနိုင်သောကြောင့် ပြည်သူများအနေဖြသ့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများအနီး သွားလာနေထိုင်မှုများ လုံးဝ (လုံးဝ) မပြုလုပ်ကြရန် အထူး မေတ္တာရပ်ခံကြောင်း ရဲဘော်ဒူးယားက ဆက်လက် ပြောဆိုသည်။