ရန်ကုန်၊ ဩဂုတ် ၂၉
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ်ရှိ နေအိမ်များကို အကြမ်းဖက် စစ်တပ်က ဆက်တိုက် မီးရှို့ဖျက်ဆီးနေပြီး မိုးအဆက်မပြတ် ရွာသွန်းနေ၍ သောင်းနှင့်ချီသော စစ်ရှောင်ပြည်သူများ စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။
ဩဂုတ်လ ၂၀ ရက်နေ့မှ စ၍ ဒီပဲယင်းမြို့ပေါ်တွင် ပြန်လည် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ပြည်သူပိုင်နေအိမ်များကို ဆက်တိုက် မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ပြီး ယမန်နေ့ ဩဂုတ်လ ၂၈ ရက်နေ့ထိ မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးမှုကြောင့် လက်ရှိချိန်တွင် ဒီပဲယင်းမြို့ပေါ်ရှိ အနောက်ကွက်သစ် ရပ်ကွက်၊ တောင်ပြင် ရပ်ကွက်၊ အေးမြဝရတိရပ်ကွပ် ၊ ဆရာစံခန်းမ အနီးနှင့် မြို့မရပ်ကွက်က နေအိမ် အများအပြား မီးလောင်ပြာကျခဲ့ကြောင်း သိရှိရသည်။
လက်ရှိချိန်တွင် ဒီပဲယင်းမြို့ပေါ်မှ ပြည်သူများနှင့် ရေးဦး-ဒီပဲယင်းမြို့နယ် အစပ်ရှိ သောင်းနှင့်ချီသော စစ်ဘေးရှောင် ပြည်သူများသည် မိုးအဆက်မပြတ် ရွာသွန်းခြင်းနှင့် လူဦးရေများပြားခြင်းများကြောင့် စားနပ်ရိက္ခာများ လုံလောက်မှုမရှိဘဲ အရေးပေါ် ရိက္ခာများ လိုအပ်လျက်ရှိကြောင်း သိရသည်။
တိမ်းရှောင်နေရသော ပြည်သူများထဲတွင် ကလေးငယ်များ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများ ပါဝင်ပြီး ကျန်းမာရေး စောင့်ရှောင်မှုကအစ စိုးရိမ်နေရသည်ပြီး အကြမ်းဖက် စစ်တပ် စစ်ကြောင်း အလစ်အငိုက် ဝင်ရောက်လာမည်ကို စိုးရိမ်၍ ပြည်သူများအားလုံး ကျေးရွာများအတွင်း ပြန်လည် ဝင်ရောက်နေထိုင်နိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။
“မနေ့ကလည်း စစ်ခွေးတွေ ဒီပဲယင်း မြို့မ ရပ်ကွက်ကို မီးထပ်ရှို့တယ်။ မိုးကလည်း ဒီလ ၁၄ ရက်နေ့ကစလို့ ရွာတာ ဒီနေ့အထိပဲ ရွာလိုက် တိတ်လိုက်နဲ့ ဒီပဲယင်းမြို့နဲ့အနီးဝန်းကျင်က ကျေးရွာတွေကတော့ ဒီနေ့အထိ ၂ ပတ်လောက်ရှိပြီ တိမ်းရှောင်နေကြရတုန်းပဲ မြို့ထဲကနေ စစ်ကြောင်းထွက်လာမှာ ကြောက်လို့ ရေဦးနယ် အနောက်ခြမ်းက ရွာတွေလည်း အခုထိ တိမ်းရှောင်နေကြရတယ်။ ခွေးတွေကတော့ စစ်ကြောင်းမထွက်သေးဘဲ မြို့ထဲက နေအိမ် တော်တော်များများကို မီးရှို့ဖျက်ဆီးထားပြီ ၂ မြို့နယ် ချုပ်စပ်က ပြည်သူတွေလည်း မိုးကလည်းရွာတော့ စားရေးသောက်တာ အခက်ခဲတွေရှိကြတယ်။ အလှူရှင်တွေရဲ့ ပံ့ပိုးကူညီမှုရသလောက် ကူညီရေးအဖွဲ့တွေကတော့ တတ်နိုင်သလောက်ကူညီပေးနေကြပေမယ့် ရက်ရှည်တိမ်းရှောင်နေကြရတာဆိုတော့ စားနပ်ရိက္ခာအကူညီတွေ အများကြီးလိုအပ်နေကြတယ်။ အဓိက ဆန် ဆီ အသီးအနှံပေါ့။ မိုးကလည်းမပြတ်ရွာနေတော့ စားနပ်ရိက္ခာသယ်ယူဖို့ကို လမ်းတွေမကောင်းတော့ ခက်ခက်ခဲခဲသယ်ယူနေကြရတယ်။ ရေဦး ဒီပဲယင်း ရက်ရှည်တိမ်းရှောင်နေကြရတဲ့ စစ်ရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာ အကူညီပေးကြဖို့ မေတ္တာရပ်ခံအကူညီတောင်းချင်တယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar