27 C
Yangon

အောင်လံမြို့ပေါ်နှင့် မြို့အဝင်ဂိတ်တို့တွင် ခရီးသွားလူငယ်များ၊ မြို့ခံ လူငယ်များကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးနေပြီး လူငယ် ၃၀ ဦးထက်မနည်း ဖမ်းဆီးခံထားရ

Must read

ရန်ကုန်၊ စက်တင်ဘာ ၅

မကွေးတိုင်း၊ အောင်လံမြို့ပေါ်နှင့် မြို့အဝင်ဂိတ်တို့တွင် ခရီးသွားလူငယ်များ၊ မြို့ခံ လူငယ်များကို အကြမ်းဖက်စစ်တပ်၊ ရဲများနှင့် အုပ်ချုပ်ရေးမှူးများက ပေါ်တာဆွဲ ဖမ်းဆီးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ စက်တင်ဘာလ ၄ ရက်နေ့ အောင်လံမြို့ပေါ် မြို့ပတ်လမ်း၊ ပျားဂေဟာအနီးတွင် ပဲနုတ်သွားသော လူငယ်များကို စစ်တပ်က ဖမ်းဆီးသွားခဲ့ကြောင်း၊ စစ်မှုထမ်း အပတ်စဉ် ၅ အတွက် လူငယ်များ လိုအပ်နေ၍ ဖမ်းဆီးသည်ဟု စစ်တပ်က တရားဝင် ပြောဆို အသိပေးလာကြောင်း သိရှိရသည်။

“မနေ့ စက်တင်ဘာ ၄ ရက်နေ့ အောင်လံမြို့၊ မြို့ပတ်လမ်း၊ ပျားဂေဟာနားမှာ စမ်းကလေးရွာဘက်ကို ပဲနုတ်သွားတဲ့ ၃ ဘီးကားတစ်စီးကို ဖမ်းတယ်။ ၃ ဘီးပေါ်လိုက်ပါလာတဲ့ ယောက်ကျားလေး ၆ ယောက်ကိုဖမ်းပြီး မိန်းကလေး ၅ ယောက်ကို ပြန်လွှတ်လိုက်တယ်။ စစ်မှုထမ်းဖို့ လူလိုနေလို့ စစ်တပ်က ဖမ်းတာလို့ပြောတယ်။ ပဲနုတ်သွားတဲ့ကလေးတွေက မိဘကို လုပ်ကျွေးနေတဲ့ကလေးတွေ။ နိုင်ငံရေးနဲ့လည်းဘာမှမပတ်သက်ဘူး။” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် အောင်လံမြို့ပေါ် ရပ်ကွက်များတွင် ရဲသတင်းပေး ဒလန်များကို ဒုရဲအုပ်၊ ရဲအုပ်များက လက်သပ်မွေးမြူပြီး အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ်များရှိနေသော နေအိမ်များ၏ သတင်းစုဆောင်းခိုင်းခြင်း၊ ပြင်ပမှ လာရောက်သော လူငယ်များ၏ သတင်းစုဆောင်းခြင်း၊ တော်လှန်ရေးနှင့် နိုင်ငံရေးလှုပ်ရှားမှုများတွင် လူငယ်များ ပါဝင် ပတ်သက်ခြင်းရှိ၊ မရှိ သတင်းများ စုဆောင်းနေကြောင်း သိရှိရသည်။

“အောင်လံမြို့မှာ ရဲသတင်းပေး ဒလန်အထီး၊ ဒလန်အမတွေက အရမ်းများတယ်။ ရပ်ကွက်သူ ရပ်ကွက်သားတွေက သူတို့ကိုပဲကြောက် နေရတယ်။ သူတို့က စစ်တပ်၊ ရဲအသိုင်းအဝန်းနဲ့ မကင်းရာမကင်းကြောင်းတွေများတယ်။ တရော်ကုန်းရပ်ကွက်၊ ကမ်းနားလမ်း၊ သရက်မော်တော်ဆိပ်က “အောင်ကိုမင်း” ထမင်းဆိုင်ပိုင်ရှင် ဖိုးဇော်တို့လင်မယားဆိုရင် တကယ့် ဒလန်အကြီးစားပဲ။ ပြီးခဲ့တဲ့အပတ်က သူ့ရဲ့ထမင်းဆိုင်ကို လာစားတဲ့ လူတွေကို လူများလို့ဆိုပြီး မသင်္ကာလို့ ရဲကိုတိုင်ဖမ်းတာ။ လူငယ်လေးတွေက တစ်ခြားမြို့ကို အလုပ်သွားလုပ်မလို့ ရှင်းပြတာလည်း မရဘူး။ ဖမ်းတာပဲ။ ၁၂ ယောက်ပါသွားတယ်။ “အောင်ကိုမင်း” ထမင်းဆိုင်ပိုင်ရှင် ဖိုးဇော်တို့လင်မယားက သတင်းပေးရင် တစ်ယောက်ကို ဘယ်လောက်ဆိုပြီး အကြမ်းဖက်စစ်တပ်နဲ့ရဲက ပြန်ပေးတော့ သူတို့က သတင်းပေးတဲ့အလုပ်ကို သေချာလုပ်နေတာ”ဟု အောင်လံဒေသပြည်သူက ရှင်းပြသည်။

အလားတူ အောင်လံမြို့နယ်၊ မိုးဘုန်းကျေးရွာတွင်လည်း စစ်ကောင်စီခန့် အုပ်ကြီး ညီညီက လက်နက်ကိုင်ဆောင်၍ လူငယ်များကို ဖမ်းဆီးကြောင်း၊ ပြန်လည် လွတ်မြောက်လိုသော လူငယ်များအနေဖြင့် ငွေပေးရမည်ဖြစ်ပြီး မည်သည့် PDF ကိုမှ မကြောက်ဟု ပြောဆိုကြောင်း သိရှိရသည်။

“ဖမ်းတယ်ကွာ၊ ဘာဖြစ်လဲ၊ အဖမ်းမခံချင်ရင် ငါတို့တောင်းတဲ့ပိုက်ဆံကိုပေး။ မင်းတို့ ဘယ်သူ့ကိုမှလည်း တိုင်လို့မရဘူး။ PDF နဲ့ တိုင်း ရင်းသားလက်နက်ကိုင်တွေ အောင်လံမြို့ကို သတ္တိရှိရင် လာခဲ့လိုက်လေ။ မလာရဲလို့မလာတာပေါ့။ ဒီမှာ မြင်လား။ စစ်တပ်နဲ့ရဲက ကျုပ်ကိုပေးထားတာလို့ပြောပြီး လက်ဗစ်ဗုံးနဲ့သေနတ်ကို ထုတ်ပြတယ်” ဟု အောင်လံမြို့မှ ပရဟိတသမားတစ်ဦးက ရှင်းပြသည်။

အောင်လံမြို့ပေါ်တွင် ညပိုင်း ရဲတပ်ဖွဲ့နှင့်စစ်တပ်က ပတ်ကင်းကားဖြင့် တစ်မြို့လုံးပတ်ပြီး ပြည်သူများ၏ နေအိမ်များကို အတင်းဝင်ရောက်ဖမ်းဆီးခြင်း၊ မြို့အဝင်ဂိတ်များတွင် ခရီးသည်ယာဉ်များပေါ်မှ လူငယ်များကို ဆွဲချ ဖမ်းဆီးခြင်းများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

မကွေးတိုင်း၊ အောင်လံမြို့အဝင်တွင် ခရီးသွား ယာဥ်လိုင်းပေါ် လိုက်ပါလာသာ လူငယ် ၁၂ ဦးနှင့် မြို့ရှောင်လမ်းမှ လူငယ် ၁၀ ဦးကျော်ကို အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၃ ရက်နေ့ ည ၉ နာရီခန့်တွင် တောင်တွင်ကြီး-ရန်ကုန် ပြေးဆွဲသည့် ကောင်းမြတ်သာနှင့် ဂန္တဝင်သစ် ယာဥ်လိုင်းပေါ် လိုက်ပါလာသည့် လူငယ် ၁၂ ဦးကို အောင်လံမြို့အဝင် ပြည်မြို့-အောင်လံမြို့ အကြားရှိ ဘွက်ကြီးတိုးဂိတ် အနီးတွင် အကြမ်းဖက် စစ်သားနှင့် အုပ် ချုပ် ရေးမှူးများက ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းဖမ်းဆီးမှုတွင် အောင်လံမြို့၊ စျေးကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူး မောင်ဇော်ဝင်း၊ မန်ကျည်းကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူး မောင်တင်အောင်စိုး၊ ဆယ်အိမ်မှူး ကျော်မျိုးလွင်၊ မန်ကျည်းကုန်း တိုးချဲ့ ၃ လမ်းတွင် နေထိုင်သော စစ်တပ် သတင်းပေး မောင်ထွန်းနှင့် မစန်းစန်းအေးတို့ပါဝင်ကြောင်း သိရှိရသည်။

ထို့ပြင် ယနေ့ စက်တင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းတွင် အောင်လံမြို့ မြို့ရှောင်လမ်း၌ လမ်းသွားလမ်းလာ လူငယ် ၁၀ ဦးကျော်ကိုလည်း အကြမ်းဖက် စစ်သားများက ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

” ၃ ရက်နေ့ ည ၉ နာရီလောက်မှာ အောင်လံမြို့နဲ့ ပြည်မြို့ အကြားက ဘွက်ကြီးတိုး ဂိတ်အနီးမှာ အောင်လံမြို့နဲ့ တောင်တွင်းကြီးမြို့က နေရာစုံမှာနေတဲ့ လူငယ် ၁၂ ဦးကို အုပ်ကြီးတွေနဲ့ စစ်ခွေးတွေက ပေါ်တာဆွဲ ဖမ်းဆီးသွားတယ်။ အဲလူငယ်တွေက ထိုင်းနိုင်ငံသွားတာ သွားခွင့်မရလို့ ပြန်လာကြသူတွေလို့ သိရတယ်။ ဒီနေ့ မနက်ပိုင်းကလည်း အောင်လံမြို့ မြို့ရှောင်လမ်းမှာ လူငယ် ၁၀ ဦးကျော်ကိုလည်း ပေါ်တာဆွဲဖမ်းဆီးသွားတယ်။ တစ်မြို့လုံးက ပြည်သူတွေကတော့ ကြောက်လန့်နေကျတယ်” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။

အောင်လံမြို့ရှောင်လမ်းတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ယနေ့ နံနက်ပိုင်းမှ စ တင်၍ စစ်ဆေးမှုများ တင်းကျပ်နေပြီး ခရီးသွားပြည်သူများထံမှလည်း ငွေကြေးတောင်းရမ်းမှုများ ပိုမိုလုပ်ဆောင်နေကြောင်း သိရသည်။

ဓာတ်ပုံ – ခရီးသည်တင်ယာဉ်များပေါ်တက်၍ မှတ်ပုံတင်စစ်ဆေးနေသော စစ်သားတစ်ဦး။ (ပုံအဟောင်း ဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ခရီးသည်တင်ယာဉ်များပေါ်တက်၍ မှတ်ပုံတင်စစ်ဆေးနေသော စစ်သားတစ်ဦး။ (ပုံအဟောင်း ဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article