27 C
Yangon

UWSA က တန့်ယန်းမြို့မြောက်ပိုင်းကို သိမ်းယူပြီးနောက် သံလွင်မြစ်ပေါ်ရှိ တရုတ်ရေကာတာစီမံကိန်းများအတွက် လမ်းခင်းနေ၊ တရုတ်က နောင်ဖာရေကာတာစီမံကိန်း လုပ်ဆောင်မည်ကို ဒေသပြည်သူများ စိုးရိမ်ပူပန်နေ

Must read

ရန်ကုန်၊ စက်တင်ဘာ ၅

ရှမ်းပြည် မြောက်ပိုင်း တန့်ယန်းမြို့မြောက်ပိုင်းကို ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA က ဇူလိုင်လအတွင်းက ဝင်‌ရောက်သိမ်းပိုက်ပြီးနောက် သံလွင်မြစ်တွင် တရုတ်ရေကာတာစီမံကိန်းများဆောင်ရွက်ရန် လမ်းခင်းခြင်းလုပ်ငန်းများ လုပ်ဆောင်လာသဖြင့် တန့်ယန််ပြည်သူများက စိုးရိမ်ပူပန်နေကြောင်း Shan State Frontline Investment Monitor က စက်တင်ဘာ ၅ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

သံလွင်မြစ်ပေါ်တွင် တရုတ်က လုပ်ဆောင်ရန်ရှီနေသည့် နောင်ဖာရေကာတာစီမံကိန်း နှင့် ပတ်သက်၍ ဒေသပြည်သူများ၏ စိုးရိမ်ပူပန်ရသည့်အချက်တွင် ဆည်ရေလှောင်ကန်အတွင်းရှိ ရေအလေးချိန်ကြောင့် မြေငလျင်အန္တရာယ်ဖြစ်ပေါ်နိုင်သည့် အချက်လည်း အပါအဝင်ဖြစ်ကြောင်း၊ ရှမ်းပြည်အရှေ့မြောက်ပိုင်းသည် ငလျင်လှုပ်ခတ်မှု များပြားတတ်သောနေရာဖြစ်ကာ ရေကာတာနေရာသည်လည်း များပြားသည့် ပြတ်ရွေ့ကြောများအနီးတွင် တည်ရှိနေကြောင်း၊ ၂၀၀၄ ခုနစ်တွင် တရုတ်အစိုးရသည် တရုတ်ပြည်အတွင်းရှိ သံလွင် (နု)မြစ်ပေါ်တွင်တည်ဆောက်မည့် ရေကာတာစီမံကိန်း ၁၃ ခုကို ဆိုင်းငံ့ခဲ့ရသည့် အဓိက အကြောင်းအရင်းမှာ မြေငလျင်အန္တရာယ်များကြောင့်ဖြစ်ပြီး မြစ်ကြောင်းမှာ အဓိကပြတ်ရွေ့ကြောများနှင့် အပြိုင် စီးဆင်းနေခြင်းဖြစ်ကြောင်း Shan State Frontline Investment Monitor ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ရေကြီးရေလျှံမှုများကြောင့် ဆည်မှ ရေများ ရုတ်တရက် စွန့်ထုတ်ရန်လိုအပ်လာသည့်အချိန်တွင် မြစ်အောက်ပိုင်းတွင် အန္တရာယ်ရှိသော ရေလွမ်းမိုးမှုများ ဖြစ်ပေါ်စေနိုင်ခြင်းအပြင် ယခုနှစ်အတွင်း ရှမ်းပြည်နယ်တွင် မကြုံစဖူး ရေလွမ်းမိုးမှုများ ကြုံတွေ့ခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

UWSA တပ်ဖွဲ့က ၂၀၂၄ ခုနစ် ဇူလိုင်လ ၁၀ ရက်နေ့တွင် တပ်သားဦးရေ ၂၀၀၀ ကျော်ဖြင့် သံလွင်မြစ်အရှေ့ခြမ်းမှ ထရပ်ကားကြီးများဖြင့် ရောက်လာကာ တန့်ယန်းမြို့အနီးတ၀ိုက်နှင့် တန့်ယန်း-မိုင်းရယ် လမ်းမကြီးတစ်လျှောက် နေရာယူ၍ တန့်ယန်းမြို့ကို နယ်မြေချဲ့ထွင်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ တန့်ယန်းမြို့အနီးတဝိုက်သို့ နယ်ခြေချဲ့ထွင်ခြင်း မပြုမီကပင် UWSA တပ်ဖွဲ့က အကြမ်းဖက်စစ်တပ် လက်အောက်ခံ မန်ပန်ပြည်သူ့စစ်ကို လွန်ခဲ့သည့် ၅ လကတည်းက ဖယ်ရှား၍ တန့်ယန်းမြို့ မြောက်ဘက်ခြမ်းကို ထိန်းချုပ်ထားပြီး ဖြစ်ကြောင်း Shan State Frontline Investment Monitor ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောင်ဖာရေကာသည် သံလွင်မြစ်ပေါ်တွင် တရုတ်ကုမ္ပဏီများက တည်ဆောက်ရန် စီစဥ်ထားသည့် ရေကာတာများအနက် ရှမ်းပြည်အတွင်း အကြီးဆုံးတစ်ခုဖြစ်ကာ နှစ်ပေါင်းများစွာကပင် သံလွင်မြစ်တစ်လျှောက်ရှိ ဒေသပြည်သူများ၏ လူမှုအသိုက်အဝန်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များက ယင်းစီမိံကန်းကို ဆန့်ကျင်ခဲ့ကြကြောင်း သိရှိရသည်။

လက်ရှိအချိန်တွင် တန့်ယန်းမြို့မြောက်ဘက်သို့ အင်အားတိုးချဲ့လာသော UWSA တပ်ဖွဲ့က ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ သံလွင်မြစ်ထဲသို့ စီး၀င်သော မြစ်လက်တက်ဖြစ်သည့် နမ့်မမြစ်ပေါ်တွင် တည်ဆောက်နေသော ၂၂၅ မဂ္ဂ၀ပ်ရှိ မန်တုံရေကာတာစီမံကိန်းနှင့် မျက်နှာချင်းဆိုင် သံလွင်မြစ် အနောက်ဘက်ကမ်းကို ထိန်းချုပ်နေရာယူထားကြောင်း၊ UWSA တပ်ဖွဲ့က တရုတ်နိုင်ငံ၏ အကျိုးစီးပွားကို လိုလိုလားလား ဖြည့်ဆည်းပေးလိုသောဆန္ဒဖြင့် မန်တုံရေကာတာစီမံကိန်းကို ခွင့်ပြုခဲ့ရာ အလားတူစွာ နောင်ဖာရေကာတာစီမံကိန်းကိုလည်း အရှိန်မြင့် ဆောင်ရွက်ရန်ရှိနေနိုင်ပြီး လက်ရှိတွင် သံလွင်စီမံကိန်းဆိုဒ်၏ ကမ်းနှစ်ဖက်လုံးကို ထိန်းချုပ်ထားကြောင်း သိရှိရသည်။

မန်တံရေကာတာစီမံကိန်းသည် တရုတ်အစိုးရပိုင် Hydro China ကော်ပိုရေးရှင်းနှင့် အကြမ်းဖက်မြန်မာစစ်တပ်မှ ခရိုနီများ ပိုင်ဆိုင်သည့် IGE ကုမ္ပဏီတို့က ဖက်စပ်လုပ်ဆောင်သည့် သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ၁၂၀၀ မဂ္ဂ၀ပ်ရှိသည့် နောင်ဖာရေကာတာစီမံကိန်း တည်ဆောက်မှုသဘောတူညီမှုတွင် တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ အဆိုပါရေကာတာစီမံကိန်းနှစ်ခုလုံးသည် BOT စနစ်ဖြင့် တည်ဆောက်ရန်စီစဥ်ထားသော စီမံကိန်းများဖြစ်ပြီး ထွက်ရှိလာမည့် စွမ်းအင်၏ အနည်းဆုံး ၅၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့တင်ပို့ရန်လျာထားကြောင်း၊ ထို့ပြင် နားလည်မှုစာချွန်လွှာကို ၂၀၀၉ ခုနှစ် ဒီဇင်ဘာလတွင် တရုတ်ဒုသမ္မတ ရှီကျင်းဖျင့် နေပြည်တော်သို့ လာရောက်စဥ်က လက်မှတ်ရေးထိုးခဲ့ပြီး သဘောတူညီမှုစာချုပ်ကို ၂၀၁၄ ခုနှစ် မေလတွင် ဦးသိန်းစိန်အစိုးရ လက်ထက်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ တရုတ်၏ စီမံကိန်း နောင်ဖာရေကာတာစီမံကိန်း ရှေ့ဆက်လုပ်ဆောင်မှုကို ပြည်သူများက ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့ကြသော်လည်း UWSA တပ်ဖွဲ့က ၎်းတို့ ထိန်းချုပ်ရာဒေသတွင် မန်တုံရေကာတာစီမံကိန်းကို တိတ်တဆိတ်တည်ဆောက်ခွင့်ပြုနေခြင်းဖြစ်ကြောင်း၊ အဆိုပါရေကာတာနှစ်ခုလုံးအတွက် လူမှုသဘာ၀ပတ်၀န်းကျင်စစ်တမ်း(ESIAs) ကို သြစတေးလျ အခြေစိုက် Snowy Mountains Engineering Corporation – SMEC (စင်ကာပူအစိုးရ ပိုင် Surbana Jurong Group က ၂၀၁၆ တွင်ရယူခဲ့)က ထုတ်ပြန်ခဲ့သော်လည်း အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့၏ ၂၀၁၇ စစ်တမ်းအရ ESIAs အစီရင်ခံချက်များကို တစ်ကြိမ်တစ်ခါမှ မြန်မာ သယံဇာတနှင့်သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းရေး ၀န်ကြီးဌာနသို့ တင်သွင်းခဲ့ခြင်းမရှိကြောင်း၊ SMEC Holdings သည်ယခုအချိန်အထိ အဆိုပါ စီမံကိန်းနှစ်ခုလုံး၏ တရား၀င်အဆက်အသွယ်အဖြစ်စာရင်းရှိနေဆဲဖြစ်ကြောင်း သိရှိရသည်။

၂၀၂၄ ခုနှစ် သြဂုတ်လ ဒုတိယပတ်တွင်မူ တရုတ်စီးပွားရေးလုပ်ငန်းရှင် ၁၂ ဦးသည် နောင်ဖာရေကာတာ စီမံကိန်းနေရာသို့ သွားရောက်လည်ပတ်ခဲ့ကြကာ SUV ကားများဖြင့် သံလွင်အရှေ့ခြမ်းဘက်မှ တာကော်အက်တံတားကို ဖြတ်သန်းကာ တန့်ယန်း မြို့မြောက်ဘက်မှ ရေကာတာစီမံကိန်းသို့ UWSAတပ်ဖွဲ့က ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။

တရုတ်အနေဖြင့် သံလွင်ရေကာတာစီမံကိန်းများအပေါ် လူထု၏ ဆန့်ကျင်ကန့်ကွက်မှုများကို ဂရုပြုကာ မြန်မာပြည် အရှေ့ပိုင်း၏ အဓိကအသက်သွေးကြောပေါ်တွင် ဆည်ဆောက်ရန်စီစဥ်နေမှုများကို လျင်မြန်စွာပယ်ဖျက်သင့်ကြောင်း၊ စင်ကာပူနိုင်ငံအနေဖြင့် Surbana Jurong’s ကုမ္ပဏီခွဲ SMEC ကို နောင်ဖာနှင့် မန်တုံရေကာတာ စီမံကိန်းနှစ်ခုလုံးတွင် ပါ၀င်နေခြင်းကို အမြန်ရပ်ဆိုင်းရေး ဖိအားပေးရန် အကြံပြုထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article