27 C
Yangon

ထိုင်းနိုင်ငံတွင် တစ်တော့ပေါ်မှ စျေးရောင်းချမှုဖြင့် မြန်မာအလုပ်သမား ၈ ဦးကို ထိုင်းရဲက ဖမ်းဆီး

Must read

ထိုင်းနိုင်ငံတွင် တစ်တော့ပေါ်မှ စျေးရောင်းချမှုဖြင့် မြန်မာအလုပ်သမား ၈ ဦးကို ထိုင်းရဲက ဖမ်းဆီး

ရန်ကုန်၊ စက်တင်ဘာ ၇

ထိုင်းနိုင်ငံ၊Nonthaburi ခရိုင်တွင် TikTok တစ်တော့ပေါ် စျေးရောင်းချမှုဖြင့် မြန်မာအလုပ်သမား ၈ ဦးကို ထိုင်းရဲက ဖမ်းဆီးလိုက်ကြောင်း ထိုင်းသတင်းဌာနများ၏ သတင်းဖော်ပြချက်အရ သိရှိရသည်။

စက်တင်ဘာလ ၅ ရက်နေ့ ထိုင်းနိုင်ငံ၊ နွန်သဘူရီခရိုင်ရှိ နေအိမ်တစ်လုံးကို ထိုင်း လူဝင်မှုကြီးကြပ်ရေးနှင့် ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက် စီးနင်းရာ TikTok မှတဆင့် တိုက်ရိုက်ထုတ်လွှင့် စျေးရောင်းချနေသော မြန်မာ ၈ ဦးကို ဖမ်းဆီးရရှိကြောင်း၊ ထိုင်းနိုင်ငံတွင် အွန်လိုင်းပေါ်မှ စျေးရောင်းချခြင်းသည် ရေပန်းစားသော လုပ်ငန်းတစ်ခုဖြစ်သော်လည်း ရွှေ့ပြောင်းနေထိုင်သူများ သို့မဟုတ် နိုင်ငံခြားသားများကို ခွင့်ပြုချက်မရှိဘဲ လုပ်ဆောင်ခွင့်မရှိကြောင်း သိရှိရသည်။

ထိုင်းအာဏာပိုင်များက နွန်သဘူရီခရိုင်အတွင်းမှ နေအိမ်တစ်လုံးကို မသင်္ကာဖွယ် တိုင်ကြားချက်ရရှိသဖြင့် ဝင်ရောက်စီးနင်းရှာဖွေခဲ့ရာမှ ထိုသို့ ဖမ်းဆီးရရှိခြင်းဖြစ်ကြောင်း ၊ TikTok ပေါ်တွင် တိုက်ရိုက်ထုတ်လွှင့်ရောင်းချရန်အတွက် ထုပ်ပိုးထားသော အဝတ်အထည်များနှင့် ဆက်သွယ်ရေးပစ္စည်း အများအပြားကို တွေ့ရှိခဲ့ကြောင်း၊ အသက် ၂၅ နှစ်အရွယ် မြန်မာနိုင်ငံသား မစ္စတာမင်းက အိမ်ငှားဖြစ်ပြီး ဇနီး မနန် အသက် ၂၅ နှစ်၊ အခြား မြန်မာနိုင်ငံသား ၆ ဦးတို့နှင့်အတူ နေထိုင်ကြောင်း ၊ ၎င်းတို့ကို ခွင့်ပြုချက်မရှိဘဲ စျေးရောင်းချမှုဖြင့် အရေး ယူထားပြီး နေထိုင်ခွင့် အထောက်အထားများလည်းမရှိကြောင်း သိရှိရသည်။

ယင်းနောက် ထိုင်းရဲတပ်ဖွဲ့ဝင်များက iPad တစ်လုံး၊ iPhone 13 တစ်လုံးနှင့် ဘဏ်စာရင်းစာအုပ်များကို သိမ်းဆည်းရမိခဲ့ကြောင်း၊ အွန်လိုင်းစျေးရောင်းချမှု လုပ်ကိုင်သော မြန်မာအလုပ်သမား လင်မယားသည် ထိုင်းနိုင်ငံသို့ တရားဝင်အလုပ်ဖြင့် ဝင်ရောက်လာခဲ့ပြီး ခင်ပွန်းဖြစ်သူမှာ ကားရေဆေးသူအဖြစ် လုပ် ကိုင်ကာ ကုမ္ပဏီဝန်ထမ်းအဖြစ် ဇနီးဖြစ်သူက တစ်လလျှင် ဘတ်ငွေ ၁၅၀၀၀ ခန့် ရရှိကြောင်း ၊ ဝင်ငွေတိုးရန်အတွက် ထိုင်းနိုင်ငံတွင်နေထိုင်သော နိုင်ငံခြားအလုပ်သမားများ အတွက် TikTok ပေါ်မှ အဝတ်အထည်များ ရောင်းချခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါနေအိမ်တွင် နေထိုင်သော မြန်မာအလုပ်သမားများမှာ မကြာသေးမီက မြန်မာနိုင်ငံမှ တရားမဝင် ဝင်ရောက်လာခဲ့သည့် ဆွေမျိုးများဖြစ်ပြီး ပါမစ်ရရှိရေး ဆောင်ရွက်နေသူများဖြစ်ကြောင်း၊ ဇနီးမောင်နှံနှစ်ဦးက မြန်မာအလုပ် သမားများကို တစ်လလျှင်ဘတ်ငွေ ၂၀၀၀ ပေးကာ အလုပ်တွင် ကူညီရန် ဖိတ်ခေါ်ခဲ့ကြောင်း၊ ထိုင်းနိုင်ငံတွင် တရားမ၀င် TikTok​ပေါ်မှ တိုက်ရိုက်ထုတ်လွှင့် စျေးရောင်းချမှုမှ တစ်လလျှင် ထိုင်းဘတ်ငွေ ၁၀,၀၀၀ မှ ၁၅,၀၀၀ ခန့် ရရှိကြောင်း သိရှိရသည်။

အွန်လိုင်းပေါ်မှ စျေးရောင်းသော မြန်မာအလုပ်သမားဇနီးမောင်နှံကို တရားမဝင် ရွှေ့ပြောင်းအခြေချနေထိုင်မှုဖြင့် စွဲချက်တင်ထားပြီး အခြားမြန်မာအလုပ် သမားများကိုုဗီဇာသက်တမ်းကျော်လွန်နေထိုင်မှု၊ ပါမစ်မရှိဘဲ အလုပ်လုပ်ကိုင်မှု၊ တရားမဝင် ဝင်ရောက်မှုတို့ဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article