25.4 C
Yangon

ပလမြို့ကို စစ်ကြောင်းထိုးလာသော စစ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး၊ စစ်တပ်က ပြည်သူ ၈ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထား

Must read

ပလမြို့ကို စစ်ကြောင်းထိုးလာသော စစ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး၊ စစ်တပ်က ပြည်သူ ၈ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထား

■ စစ်ကြောင်းတွင် ပါဝင်လာသည့် မန္တလေးမြို့မှ အတင်းအဓမ္မ စစ်သားသစ် စုဆောင်းခံရသူ ၁ ဦးကို တော်လှန်ရေး တပ်များက ကယ်ထုတ်

ရန်ကုန်၊ စက်တင်ဘာ ၇

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့ကို စစ်ကြောင်းထိုးလာသော စစ်သားများကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး စစ်တပ်က ပြည်သူ ၈ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားကြောင်း မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁ ရက်နေ့တွင် အကြမ်းဖက်စစ်သား ၁၄၀ ခန့်သည် စစ်သင်္ဘော ၂ စီး၊ လှေငယ် ၃ စီး ဖြင့် ပလမြို့နေလူငယ်များကို အတင်းအဓမ္မ စစ်မှုထမ်းခိုင်းစေရန်အတွက် ပလမြို့ရဲစခန်းသို့ ရောက်ရှိ လာခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ကြောင်း သည် စက်တင်ဘာလ ၃ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ပလမြို့ ရဲစခန်းမှ တဆင့် ပလမြို့အတွင်း စစ်ကြောင်း ထိုး ဝင်ရောက် လာသောကြောင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ညနေ ၅ နာရီ ဝန်း ကျင်အထိ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦး သေဆုံးကာ ၅ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(ပုလော)၊ မြိတ်ခရိုင်အမှတ် ၁ တပ်ရင်း၊ ပုလောမြို့နယ်ပကဖ၊ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO)၊ တပ်ရင်း ၇ တပ်ခွဲ ၂ တို့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းမှ တပ်ဖွဲ့ဝင် ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ပလမြို့တွင်းရှိ စာသင်ကျောင်းနှင့် သာသနိက အဆောက် အဦ များ၌ အခြေပြုတပ်စွဲကာ ပြည်သူပိုင် နေအိမ်များအတွင်း ထွက်ပြေးနိုင်ခြင်းမရှိသော သက်ကြီးရွယ်အိုများ၊ အသက်မပြည့်သေးသည့် ကလေးသူငယ်များ၊ အမျိုးသမီးများ အပါအဝင် ပြည်သူ ၁၈ ဦး ကို ဖမ်းဆီးကာ လူသားဒိုင်း ပြုလုပ်ထားခဲ့ကြောင်း၊ ထိုသို့ ဖမ်းဆီး ခံသည့် ပြည်သူများအနက် ၁၀ ဦးကို ပြန်လွှတ်ပေးခဲ့ပြီသော်လည်း ကျန် ၈ ဦးကို လက်ရှိ အချိန်အထိ ဖမ်းဆီးထားဆဲဖြစ်ကြောင်း သိရသည်။

စက်တင်ဘာလ ၅ ရက်နေ့၌ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက နယ်မြေရှင်းလင်းစဉ် စစ်တပ် စစ်ကြောင်းမှ ထွက်ပြေးလာသော အတင်းအဓမ္မ စစ်သားသစ် စုဆောင်းခံရသူ ၁ ဦးကို တွေ့ရှိခဲ့ပြီး လုံခြုံသည့်နေရာသို ကယ်ထုတ်နိုင်ခဲ့ကြောင်း၊ အဆိုပါ စစ်မှုထမ်းသည် မန္တလေးမြို့ ဇာတိဖြစ်ပြီး တပ်သားသစ် စုဆောင်းခံရပြီးနောက် ပုလောအခြေစိုက် ခလရ ၂၈၅ တပ်ရင်းတွင် တာဝန်ချထားခြင်းခံရသူဖြစ်ကြောင်း သိရသည်။

စက်တင်ဘာလ ၆ ရက်နေ့ ညနေ ၃ နာရီခန့်တွင် ပလမြို့ရဲစခန်းမှ ပလမြို့ ရေနက်ဆိပ်ကမ်းကို ဆုတ်ခွာလာသော အင်အား ၅၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဒရုန်း ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပစ်မှတ်များကို ထိထိမိမိ တိုက်ခိုက်နိုင်ခဲ့ပြီး အကြမ်းဖက်စစ်သား ၅ ဦးထက် မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပုလောမြို့နယ်တွင် လက်ရှိအချိန်ထိ စစ်ရေးအခြေအနေ တင်းမာဆဲဖြစ်ပြီး တိုက်ပွဲများ ဆက်လက် ဖြစ် ပွားနိုင်သောကြောင့် ပြည်သူများအနေဖြင့် မြိတ်-ပုလော-‌ပ‌လောက်လမ်းပိုင်းကို အသုံးပြု၍ မလိုအပ်ဘဲ ခရီးသွားလာခြင်း မပြုရန်နှင့် စစ်ရေးသတင်းကို အမြဲနားစွင့်ထားရန် မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article