32 C
Yangon

စစ်တောင်းမြစ်ရေ ၄ ပေနီးပါး မြင့်တက်လာသဖြင့် တောင်ငူ၊ ရေတာရှည်တို့တွင် ရေကြီးနေပြီး အရေးပေါ် ကယ်ဆယ်ရေး လိုအပ်နေ၊ ရမည်းသင်းတွင် ရေကြီးမှုကြောင့် လူဦးရေ ရာချီ ပျောက်ဆုံးနေပြီး အလောင်းများ ပြန်လည်တွေ့ရှိရ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၃

ပဲခူးတိုင်းအတွင်းတွင် စစ်တောင်းမြစ်ရေသည် ၄ ပေနီးပါး မြင့်တက်လာသ ဖြင့် တောင်ငူ၊ ရေတာရှည်တို့တွင် ယနေ့ နံနက်ပိုင်း မြစ်ရေကြီးနေပြီး ကယ် ဆယ်ရေး အကူအညီများ လိုအပ်နေကြောင်း ရေတာရှည်နှင့်တောင်ငူ အခြေ စိုက် ပရဟိတအဖွဲ့တချို့က ပြောဆိုသည်။

စက်တင်ဘာလ ၁၂ ရက်နေ့ ညပိုင်းမှစတင်ပြီး စစ်တောင်းမြစ်ရေသည် တဖြည်း ဖြည်း မြင့်တက်လာရာ စစ်တောင်းမြစ်ကမ်းဘေးကျေးရွာများအားလုံး ရေနစ်မြှုပ်သွားကြောင်း၊ တစ်ညလုံး ကယ်ဆယ်ရေး လုပ်ပေးရန် အကူအညီတောင်းမှုများ လက်ခံရရှိခဲ့ကြောင်း ရေတာရှည် အခြေစိုက် ပရဟိတအဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

“မနေ့ညပိုင်းက ရေတာရှည်ဘက်က ရွာတွေမှာ မြစ်ရေကြီးလာလို့ လာကယ်ခိုင်းတယ်။ ရေက စီးလည်း အရမ်းစီးတယ်။ ရေစီးလည်းသန်တယ်။ ရေကလည်း မြင့်တက်လာတာလည်း မြန်လွန်းတယ်။ ညပိုင်းဆိုတော့ အကူအညီပေးဖို့ အမှောင်ထဲမှာ ကူညီဖို့ အတော်အခက်အခဲဖြစ်ပေမယ့် နိုင်သလောက်တော့ အကုန်ကူနေကြပါတယ်” ဟု ရေတာရှည်မှ ပရဟိတအဖွဲ့ဝင်တစ်ဦးက ဆိုသည်။

လတ်တလော ရေတာရှည်မြို့နယ် ၊ ဆင်ဂွေကျေးရွာ(မြောက်)ရှိ ဘုန်းကြီး ကျောင်းတွင် စစ်တောင်းမြစ်ရေ မြင့်တက်လာသဖြင့် ပြည်သူ ၂၀၀ ကျော် ပိတ်မိနေကြောင်း၊ နှစ်ထပ်ရှိသော ဘုန်းကြီးကျောင်းမှာ အောက်ထပ် တစ်ဝက်ကျော် နစ်မြုပ်သွားပြီး ကယ်ဆယ်ရေး လာရောက်ပေးပါရန် အကူအညီတောင်းမှုများ ရှိနေသည်။

ထို့ပြင် တောင်ငူမြို့နယ်အတွင်း စစ်တောင်းမြစ်ကမ်းဘေး ကျေးရွာများအား လုံးမှာလည်း ရေနစ်မြုပ်နေသဖြင့် အရေးပေါ် ကယ်ဆယ်ရေး အကူအညီပေးကြရန် တောင်းဆိုမှုများရှိနေသော်လည်း ကယ်ဆယ်ရေး လုံလောက်စွာ မပေးနိုင်သေးကြောင်း တောင်ငူမြို့နယ် မီးသတ်အဖွဲ့ဝင်တစ်ဦး၏ ပြောဆိုချက်အရ သိရှိရသည်။

တောင်ငူမြို့နယ်၊ ဒိုးအင်းကျေးရွာ၊ လေးအိမ်စု၊ အရှေ့ဆင်ရွာ၊ ကျေးအင်းထုံးဘို၊ ကွမ်းသီးပင်၊ သဖန်းပင်၊ ချောင်းကမ်း၊ ရွာတန်းရှည်၊ ကမ်းနီကျေးရွာများတွင် ရေကြီးမှုကြောင့် ရွာလုံးကျွတ် ရေမြုပ်နေကြောင်း ၊ ပြည်သူများမှာ သစ်ပင်များပေါ်တွင် တက်၍ ခိုနေရကြောင်း သိရှိရသည်။

ထို့အတူ မန္တလေးတိုင်း၊ ရမည်သင်းမြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းပြီး ရေကြီးမှုကြောင့် ရေစီးနှင့်အတူ မျောပါပြီး ပြည်သူ ၂၀၀ ပျောက်ဆုံးကာ ရွာလုံးကျွတ် ရေစီးထဲ မျောပါသွားသော ကျေးရွာများရှိကြောင်း ဒေသ ပြည်သူ များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယခုရက်ပိုင်းအတွင်း ရမည်သင်းမြို့နယ်အတွင် မိုးအဆက်မပြတ် ရွာသွန်းပြီး ရေကြီးမှုကြောင့် ကျေးရွာအများအပြား ရေနစ်မြုပ်နေပြီး ရေစီးနှင့် အတူ မျောပါပြီး သေဆုံးသော ပြည်သူ ၂၀၀ ကျော်ရှိကြောင်း သိရသည်။

စက်တင်ဘာလ ၁၁ ရက်နေ့တွင် ရေစီးနှင့်အတူ မျောပါလာသည့် ရုပ်အ လောင်း ၁၀ လောင်းကို တွေ့ရှိခဲ့ကြောင်း၊ စက်တင်ဘာလ ၁၂ ရက်နေ့တွင် မြင်းနားရွာအနီး ရုပ်အလောင်း ၇ လောင်း၊ ကျီးနီကန်ရွာအတွင်း ရုပ်အလောင်း ၂၈ လောင်း၊ တူးကုန်းရွာအနီး ရုပ်အလောင်း ၃ လောင်း၊ သပြေပင်ရွာတွင် ရုပ်အလောင်း ၈၀ ဦးကျော်နှင့် ချောင်းဖျားရွာတွင် ရုပ်အလောင်း ၁၀၀ ခန့် တွေ့ရှိခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ရွာလုံးကျွတ် ရေစီးထဲ မျောပါသွားသော ငါးတဲစုတောင်ပေါ်ရွာများဖြစ်သော ဝါးဖြူတောင်အထက်ရွာ၊ အောက်ရွာနှင့် ရွှေတောမိုင်းမြို့မှ သေဆုံးမှု စာရင်းကို မသိရသေးကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

“ရမည်းသင်းမြို့နယ်မှာ မိုးရွာရေကြီးမှုကြောင့် သေဆုံးသူ တော်တော်များတယ်။ အခုလက်ရှိချိန်ထိ သေဆုံး ၂၃၀ ခန့်ရဲ့ ရုပ်အလောင်းတွေ ရေစီးထဲ မျောပါလာတာ တွေ့ရတယ်။ ရွာလုံးကျွတ်ရေစီးထဲ မျောပါသွားတဲ့ ငါးတဲစုတောင်ပေါ်ရွာတွေ ဖြစ်တဲ့ ဝါးဖြူတောင်အထက်ရွာ၊ အောက်ရွာနဲ့ ရွှေတောမိုင်းမြို့ အစရှိတဲ့ နေရာတွေက သေဆုံးမှု အခြေအနေကို မသိရသေးဘူး” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီကမူ လက်ရှိတွင် ရေဘေးကယ်ဆယ်ရေးအတွက် ထိရောက်စွာ ဆောင်ရွက်ပေးခြင်းမရှိဘဲ ဒေသပရဟိတအဖွဲ့များက အချင်းချင်း ချိတ်ဆက်ကာ တတ်နိုင်သမျှ ကူညီကယ်ဆယ်ရေးဆောင်ရွက်နေရကြောင်း သိရှိရသည်။

ဓာတ်ပုံ – ယနေ့ နံနက်ပိုင်း ရေတာရှည်မြို့နယ်၊ ဆင်ဂွေကျေးရွာတွင် စစ်တောင်းမြစ်ရေ မြင့်တက်လာစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article