27 C
Yangon

ရခိုင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လုယက်ထားသော ပစ္စည်းများ အပါ အဝင် ပြည်သူပိုင် စည်းစိမ်၊ ဥစ္စာ၊ ရွှေ၊ ငွေ၊ လက်ဝတ်ရတနာ နှင့် အသုံး အဆောင်ပစ္စည်းများကို AA က မူလပိုင်ရှင်များထံသို့ ပြန်လည်ပေးအပ်နေ၊ အလွဲသုံးစားသူများကို အပြစ်ပေးအရေးယူ

Must read

ရခိုင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လုယက်ထားသော ပစ္စည်းများ အပါ အဝင် ပြည်သူပိုင် စည်းစိမ်၊ ဥစ္စာ၊ ရွှေ၊ ငွေ၊ လက်ဝတ်ရတနာ နှင့် အသုံး အဆောင်ပစ္စည်းများကို AA က မူလပိုင်ရှင်များထံသို့ ပြန်လည်ပေးအပ်နေ၊ အလွဲသုံးစားသူများကို အပြစ်ပေးအရေးယူ

ရန်ကုန်၊ စက်တင်ဘာ ၁၄

ရခိုင်ပြည်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက လုယက်ခိုးယူထားသော ပစ္စည်းများ အပါအဝင် ပြည်သူပိုင် စည်းစိမ်၊ ဥစ္စာ၊ ရွှေ၊ ငွေ၊ လက်ဝတ်ရတနာ နှင့် အသုံးအဆောင်ပစ္စည်းများကို AA က မူလပိုင်ရှင်များထံသို့ ပြန်လည်ပေးအပ်နေပြီး အလွဲသုံးစားသူများကို အပြစ်ပေးအရေးယူလျက်ရှိကြောင်း AA က သတင်းထုတ်ပြန်သည်။

အာရက္ခတပ်တော်က ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ သံတွဲမြို့များအပြင် ပလက်ဝဒေသတို့အား အပြီးသတ်သိမ်းပိုက်ရရှိထားခဲ့ပြီးဖြစ်ကြောင်း၊ AA က ဆက် လက် သိမ်းပိုက်ရန် ကျန်ရှိနေသေးသော လက်ကျန်မြို့များထဲမှ မောင်တောမြို့ အပါအဝင် တောင်ကုတ်၊ ကျိန္တလီ၊ ဂွ၊ အမ်း၊ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့များအားလုံးကို တစ်မြို့မကျန် အလုံးစုံသိမ်းပိုက်ရရှိရေးအတွက် ထိုးစစ်များကို ဆက်လက်ဆင်နွှဲလျက်ရှိကြောင်း AA က ပြောသည်။

မြောက်ဦး၊ ကျောက်တော်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း အစရှိသော မြို့များမှ ဒေသခံပြည်သူလူထုများမှာ တိုက်ပွဲမဖြစ်ခင်ကတည်းက တိုက်ပွဲလွတ်ရာနယ်မြေများသို့ ကြိုတင်ရှောင်ရှားနိုင်ခဲ့ခြင်းကြောင့် အသက်၊ အန္တရာယ်ဆုံးရှုံးမှုများ လျော့နည်းခဲ့ရကြောင်း၊ အခြားတစ်ဖက်တွင်လည်း တိုက်ပွဲရှောင်နိုင်ခဲ့ ခြင်းကြောင့် အဆိုပါမြို့များမှ ဒေသခံပြည်သူလူထုများမှာ ၎င်းတို့ပိုင်ဆိုင်သော ဆိုင်ကယ်၊ ကား၊ မီးခံသေတ္တာ၊ အစရှိသော လေးလံပြီး ရွှေ့ပြောင်းသယ်ယူရန် အဆင်မပြေသော ထုထည်ကြီးပစ္စည်းများ၊ လုံခြုံရေးအရ မယူဆောင်ဘဲ အိမ်တွင် ဝှက်ထားချန်ရစ်ခဲ့သော ရွှေ၊ ငွေ အချို့တို့သည် တိုက်ပွဲအတွင်း ပျက်စီးဆုံးရှုံးခဲ့ရ သည်သာမက ပျောက်ဆုံးမှုများရှိကြသည်များကို စိတ်မကောင်းဖွယ် ကြားရကြောင်း AA က ပြောဆိုသည်။

ထို့အတူ ဒေသခံပြည်သူတချို့၏ ရွှေ၊ ငွေ၊ လက်ဝတ်ရတနာများမှာ တိုက်ပွဲများအတွင်း နှင့် တိုက်ပွဲများ ပြီးဆုံးသည့်အချိန်တွင် ပျောက်ဆုံးမှုများ ရှိခဲ့သည်ကို ကာယကံရှင်များ၏ တိုင်တန်းချက် နှင့် AA ထောက်လှမ်းရေးအဖွဲ့များ၏ စုံစမ်းစစ်ဆေးချက်များအရ သိရှိလာရကြောင်း၊ ထို့ကြောင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ခိုးမှုများကိုကျူးလွန်ခဲ့သောသူများကို သေချာစွာ စုံစမ်းစစ်ဆေးပြီး အပြစ်ကျူးလွန်ခဲ့ကြောင်း ထင်ရှားသောသူများကို ထိုက် တန်သောအပြစ်များပေး၍ အရေးယူထားပြီးဖြစ်ကြောင်း၊ ခိုးယူထားသောပစ္စည်းများကို ပြန်လည်သိမ်းဆည်းရမိပါက ပိုင်ရှင်အစစ်အမှန်များ လက်ထဲသို့ ပေးအပ်ထားခဲ့ပြီးဖြစ်ကြောင်း၊ မပြီးပြတ်သေးသော ပျောက်ဆုံးမှုများကို ဆက်လက် စစ်ဆေးနေဆဲဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် တချို့သောနေရာများ၌ ပိုင်ရှင်များဝှက်ထားခဲ့သော ရွှေ၊ ငွေ အစရှိသော အဖိုးတန် ပစ္စည်းများကို AA တပ်ဖွဲ့ဝင်များက သွားရောက်ရှာဖွေပြီး တွေ့ရှိပါက ပိုင်ရှင်အစစ်အမှန်များ လက်ထဲသို့ ကောင်းမွန်စွာ ပြန်လည်အပ်နှံပေးခဲ့ပြီးဖြစ်ကြောင်း၊ ဥပမာ – ကျိန္တလီမြို့၊ အမှတ် ၂ ရပ်ကွက်ရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတစ်ခုတွင် ဘုရားကျောင်းပိုင် ရွှေ၊ ငွေ၊ လက်ဝတ်ရတနာပစ္စည်းတို့အား အသင်းတော်သူ/သားများက ဝှက်ထားခဲ့သည်ကို AA တပ်ဖွဲ့ဝင်များမှ သွားရောက်ရှာဖွေပြီး တွေ့ရှိခဲ့သောကြောင့် အဆိုပါ ပစ္စည်းများအားလုံးကို ကာယကံရှင်များလက်ထဲသို့ ကောင်းမွန်စွာ ပြန်လည်လွှဲပြောင်း အပ်နှံခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် အဖိုးတန်ပစ္စည်းများ၊ ရွှေ၊ ငွေ၊ လက်ဝတ်ရတနာများကို တိုက်ပွဲအတွင်း ရှာဖွေ၍မရအောင် ပျက်စီးဆုံးရှုံးသွားခြင်းမျိုးမဟုတ်ဘဲ အိမ်တွင်သိမ်းဆည်းထားခဲ့ခြင်း၊ ဝှက်ထားခဲ့သောပစ္စည်းများကို တွေ့ရှိခြင်း မရှိပါက သက်ဆိုင်ရာ ဒေသ၊ နယ်မြေ အုပ်ချုပ်ရေးမှူး များထံတွင် မှန်မှန်ကန်ကန် သတင်းပေးပို့ကြစေလိုကြောင်း၊ သတင်းများပေးပို့ကြပါရန်ကိုလည်း AA က တိုက်တွန်းသည်။

အာရက္ခတပ်တော်က တိုက်ပွဲများအတွင်း လိုက်နာကျင့်သုံးရမည့် အာရက္ခစစ်သည်တော်ကျင့်ဝတ်များ နှင့် ပြည်သူလူထုနှင့် ပြည်သူ့အသက်အိုးအိမ်၊ စည်းစိမ်များကို ကာကွယ်စောင့်ရှောက်ရမည့် ဝတ္တရားများကို တိကျစွာ ပြဋ္ဌာန်းထားပြီး လိုက်နာကျင့်သုံးကြရန် အဆင့်ဆင့်ညွှန်ကြားထားပြီးဖြစ်ကြောင်း၊ သို့ရာတွင် AA တပ်ဖွဲ့ဝင်နှင့် အုပ်ချုပ်ရေးဘက်မှ အကျင့်ပျက်ဝန်ထမ်းအချို့တို့သည် လုပ်ပိုင်ခွင့်၊ အာဏာတို့ကို အလွဲသုံးစားလုပ်ပြီး ပြည်သူ့စည်းစိမ်ဥစ္စာများကို ယူသုံးခြင်းများ ပြုလုပ်လျက်ရှိသောကြောင့် အဆိုပါ အကျင့်ပျက်ဝန်ထမ်းတိုင်းကို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း AA က ကြေညာသည်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေဖြင့် ပြည်သူ့လုံခြုံရေး နှင့် တရားဥပဒေစိုးမိုးရေးအတွက် “Department of Law Enforcement and Public Security (DLEPS)” ပြည်သူ့လုံခြုံရေး နှင့် တရားဥပဒေစိုးမိုးရေးဌာနကိုဖွဲ့စည်းကာ တပ်ဖွဲ့ဝင်အသစ်များကို ခေါ်ယူပြီး ဌာနကို တိုးချဲ့ဖွဲစည်းသွားမည် ဖြစ်ကြောင်း၊ ထို့အပြင် ပြည်သူလူထုများနှင့် ပူးပေါင်းပြီး ပိုမိုလုံခြုံစိတ်ချရသော အနေအထားမျိုး ရရှိလာစေရန်အတွက်ကိုလည်း ယခုထက်ပိုမို အားစိုက်ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း AA က ကြေညာထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article