27 C
Yangon

ကလောမြို့တွင် တောင်ကျချောင်းရေနှင့်အတူ ရေကြီးမှု ဖြစ်ပွားပြီးနောက် အလောင်းများ ပြန်လည် တွေ့ရှိနေပြီး အများစုသော အလောင်းများကို မည်သူမည်ဝါမှန်း ခွဲခြားနိုင်ခြင်းမရှိဘဲ သဂြိုလ်နေရ၊ အလောင်း ၅၀ ခန့် ရရှိထားပြီး ပျောက်ဆုံးသူ ၁၀၀ ဝန်းကျင်ရှိ

Must read

ကလောမြို့တွင် တောင်ကျချောင်းရေနှင့်အတူ ရေကြီးမှု ဖြစ်ပွားပြီးနောက် အလောင်းများ ပြန်လည် တွေ့ရှိနေပြီး အများစုသော အလောင်းများကို မည်သူမည်ဝါမှန်း ခွဲခြားနိုင်ခြင်းမရှိဘဲ သဂြိုလ်နေရ၊ အလောင်း ၅၀ ခန့် ရရှိထားပြီး ပျောက်ဆုံးသူ ၁၀၀ ဝန်းကျင်ရှိ

ရန်ကုန်၊ စက်တင်ဘာ ၁၄

ရှမ်းပြည်တောင်းပိုင်း၊ ကလောမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွားပြီးနောက် တောင်ကျချောင်းရေနှင့်အတူ ရေကြီးမှုများဖြစ်ပွားပြီးနောက် အလောင်းများကို ပြန်လည်တွေ့ရှိရနေပြီး အများစုအလောင်းများကို မည်သူမည်ဝါမှန်း ခွဲခြားနိုင်ခြင်းမရှိဘဲ စုဆောင်းကောက်ယူ သဂြိုလ်နေရကြောင်း ကယ်ဆယ်ရေး လုပ်ဆောင်နေသူတချို့က ပြောဆိုသည်။

လက်ရှိကလောတွင် အင်တာနက်နှင့် ဖုန်းလိုင်းများ မရရှိသေးဘဲ ကယ်ဆယ်ရေးနှင့် ကူညီရေးလုပ်ငန်းများ တိုးမြှင့်နိုင်ရေးအတွက် အင်တာနက်နှင့်ဖုန်းလိုင်းမိသောနေရာအထိ သွားရောက်၍ သတင်းနှင့်အခြေအနေများကို ပြည်သူလူထု သိရှိနိုင်စေရေး ဆောင်ရွက်နေရကြောင်း၊ စက်တင်ဘာလ ၁၁ ရက်နေ့နှင့် စက် တင်ဘာလ ၁၂ ရက်နေ့ ကလောမြို့တွင် တောင်ကျချောင်းရေများနှင့်အတူ မြေပြိုခြင်း၊ ရေများ အလုံးအရင်းဖြင့် မြို့ထဲသို့ စီးဆင်းခဲ့ကာ ရေကြီးမှုများ ဖြစ်ပေါ်ခဲကြောင်း၊ စက်တင်ဘာလ ၁၃ ရက်နေ့နှင့် ယနေ့ စက်တင်ဘာလ ၁၄ ရက်နေ့တွင် ကူညီရေးနှင့် ရှင်းလင်းရေး လုပ်ငန်းများ လုပ်ဆောင်ရာ အလောင်းများ တွေ့ရှိရခြင်းဖြစ်ကြောင်း၊ လက်ရှိအချိန်အထိ အလောင်း ၅၀ နီးပါး ရရှိထားကြောင်း သိရှိရသည်။

“အခု ဟိုမှာ အလောင်းတွေ့တယ်၊ ဒီမှာ အလောင်းတွေ့တဲ့စာရင်းတွေ ပြန်ပေါင်းတာတင် ၅၀ လောက်တော့ရှိတယ်။ အင်တာနက်နဲ့ ဖုန်းလိုင်းတွေ မရဘူး။ ရတဲ့နေရာသွားပြီး ကူညီရေးအတွက်အကူအညီတောင်းရတယ်။ တွေ့တဲ့အလောင်းတွေက ဘယ်သူ ဘယ်ဝါမှန်း ခွဲလို့မရဘူး။ ရေနစ်ထားတော့ ရုပ်တွေပျက်နေတယ်” ဟု ကူညီကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက ဆိုသည်။

လတ်တလော ပျောက်ဆုံးနေသူ အရေအတွက်သည် မိသားစုများ၏ စာရင်းပေးချက်အရ ၁၀၀ နီးပါး ရှိနေပြီး ကယ်ဆယ်ရေး အဖွဲ့များလည်း ထင်သလောက် ကူညီရေး မလုပ်နိုင်ကြောင်း၊ အိမ်အလုံးလိုက် မျောပါသွားခြင်း၊ မိသားစုလိုက် ပျောက်နေဆုံးနေခြင်း များအပါအဝင် ရေဘေးသင့် ပြည်သူများ ကူညီရေး အကူအညီများစွာ လိုအပ်နေကြောင်း သိရှိရသည်။

“အကူအညီတွေကတော့ အကုန်လိုတယ်။ မြို့တောင် အတော်ရှင်းလင်းရမယ့် အခြေအနေ။ ကူညီရေးအဖွဲ့တွေ ပိုပြီးလိုတယ်” ဟု ဒေသမှ ကူညီကယ်ဆယ်ရေးလုပ်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- ကလောမြို့ရှိ အပျက်အစီးပုံများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article