26.2 C
Yangon

မလေးရှားသို့ တရားမဝင် ဝင်လာသည့် မြန်မာ ၁၃ ဦး ဖမ်းဆီးခံရ၊ ဂျိုဟိုးပြည်နယ်တွင်လည်း ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသား ၁၁၆ ဦးကို ရန်ကုန်မြို့သို့ ပြန်လည်ပို့ဆောင်

Must read

ရန်ကုန်၊ ဇွန် ၂၉

မလေးရှားနိုင်ငံ ကလန်တန်ပြည်နယ် (Kelantan)၊ ပါဆီမတ်စ် (Pasir Mas) ခရိုင်တွင် တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၃ ဦးကို မလေးရှားနယ်စပ်လုံခြုံရေးရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း မလေးရှားအာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဇွန်လ ၂၇ ရက် နံနက်ပိုင်းတွင် မလေးရှား-ထိုင်းနယ်စပ်ရှိ ကလန်တန်ပြည်နယ်၊ ပါဆီမတ်စ်ခရိုင်အတွင်း တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများ ဝင်ရောက်လေ့ရှိသည့် လမ်းကြောင်းများကို နယ်စပ်လုံခြုံရေးရဲတပ်ဖွဲ့က ကင်းလှည့်ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

နံနက် ၃ နာရီခွဲခန့်တွင် တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများကို တင်ဆောင်လာသည်ဟု သံသယရှိသည့် PROTON Exora အမျိုးအစားယာဉ်တစ်စီးကို တွေ့ရှိခဲ့ပြီး စစ်ဆေးရန်တားဆီးစဉ် ယာဉ်မောင်းမှာ ကားကိုရပ်တန့်ကာ အနီးရှိတောအုပ်အတွင်းသို့ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရသည်။

ယာဉ်အတွင်း ဆက်လက်ရှာဖွေစစ်ဆေးရာ တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား အမျိုးသား ၄ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း၊ ယင်းနောက် နံနက် ၄ နာရီခွဲခန့်တွင် အနီးပတ်ဝန်းကျင်တောအုပ်အတွင်း ပိတ်ဆို့ရှာဖွေရာ အုပ်စုခွဲ၍ ပုန်းအောင်းနေသည့် မြန်မာနိုင်ငံသား ၉ ဦး (အမျိုးသား ၄ ဦး၊ အမျိုးသမီး ၅ ဦး) ကို ထပ်မံဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံရသူများမှာ အသက် ၂၀ နှစ်မှ ၃၇ နှစ်ကြားရှိသူများဖြစ်ပြီး ထိုင်းနိုင်ငံဘက်မှ ဂိုလောက်မြစ်ကို လှေဖြင့်ဖြတ်ကူးကာ မလေးရှားနိုင်ငံအတွင်း ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ကွာလာလမ်ပူမြို့တွင် အလုပ်လုပ်ကိုင်ရန် ရည်ရွယ်၍ လာရောက်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

လက်ရှိတွင် ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသား ၁၃ ဦးနှင့် ၎င်းတို့ကို သယ်ဆောင်လာသည့် PROTON Exora ယာဉ်ကို ပါဆီမတ်စ်ခရိုင်ရဲစခန်းသို့ လွှဲပြောင်းထားပြီး မလေးရှား လူဝင်မှုကြီးကြပ်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဂျိုဟိုးပြည်နယ် (Johor)၊ ပီကန်နီနပ်စ် (Pekan Nenas) လူဝင်မှုကြီးကြပ်ရေးဌာန ထိန်းသိမ်းရေးစခန်းမှ ပြစ်ဒဏ်စေ့မြောက်လာသည့် မြန်မာနိုင်ငံသား ၁၁၆ ဦးအပါအဝင် နိုင်ငံခြားသားစုစုပေါင်း ၁၇၆ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း ဂျိုဟိုးပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ထားသည်။

ဇွန်လ စတုတ္ထပတ်အတွင်း ပြန်လည်ပို့ဆောင်ခံရသူများတွင် မြန်မာနိုင်ငံသား ၁၁၆ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၄၁ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၈ ဦး၊ ပါကစ္စတန်နိုင်ငံသား ၅ ဦး၊ အိန္ဒိယနိုင်ငံသား ၄ ဦး၊ တရုတ်နိုင်ငံသား ၁ ဦးနှင့် ကမ္ဘောဒီးယားနိုင်ငံသား ၁ ဦးတို့ ပါဝင်ကြောင်း သိရသည်။

အဆိုပါ နိုင်ငံခြားသားများကို ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် စတူးလန်းလောက် (Stulang Laut) ကူးတို့ဆိပ်ကမ်းတို့မှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံအသီးသီးသို့ ပြန်လည်ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြန်လည်ပို့ဆောင်ခံရသူများအားလုံးမှာ မလေးရှားနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးဥပဒေ၊ မူးယစ်ဆေးဝါးဥပဒေနှင့် အခြားဥပဒေများကို ချိုးဖောက်မှုများဖြင့် ဖမ်းဆီးအရေးယူခံခဲ့ရပြီး ထောင်ဒဏ်ပြစ်ဒဏ်များ ကျခံပြီးနောက် သက်ဆိုင်ရာနိုင်ငံများသို့ ပြည်နှင်ဒဏ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် ပြန်လည်ပို့ဆောင်ခံရသူများကို အမည်ပျက်စာရင်း (Blacklist) သွင်းထားမည်ဖြစ်ပြီး မလေးရှားနိုင်ငံအတွင်းသို့ ထပ်မံဝင်ရောက်ခွင့် ပြုမည်မဟုတ်ကြောင်း မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနက အသိပေးထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article