26 C
Yangon

အင်းလေးကန်အတွင်း ရေများ တရိပ်ရိပ်မြင့်တက်လာပြီး တစ်ထပ်အိမ်မှန်သမျှ အကုန်နစ်မြုပ်သွားပြီး ရွာပေါင်း ၁၇၁ ကျေးရွာ ရေဘေးဒဏ်သင့်နေ၊ ဖောင်တော်ဦးဘုရားအထိပါ ရေတက်လာပြီး ဘုရားပရဝဏ်အားလုံးရေမြုပ်နေ

Must read

အင်းလေးကန်အတွင်း ရေများ တရိပ်ရိပ်မြင့်တက်လာပြီး တစ်ထပ်အိမ်မှန်သမျှ အကုန်နစ်မြုပ်သွားပြီး ရွာပေါင်း ၁၇၁ ကျေးရွာ ရေဘေးဒဏ်သင့်နေ၊ ဖောင်တော်ဦးဘုရားအထိပါ ရေတက်လာပြီး ဘုရားပရဝဏ်အားလုံးရေမြုပ်နေ

ရန်ကုန်၊ စက်တင်ဘာ ၁၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အင်းလေးကန်အတွင်း ရေများ တဖြည်းဖြည်း မြင့်တက်လာနေပြီး တစ်ထပ်အိမ်မှန်သမျှ အကုန်နစ်မြုပ်သွားကာ ကျေးရွာပေါင်း ၁၇၁ ရွာ ရေဘေးသင့်နေကြောင်း အင်းလေးဒေသမှ ရေဘေးကူညီကယ်ဆယ်ရေးလှုပ်ရှားနေသူ မဖူးဖူးက ပြောဆိုသည်။

စက်တင်ဘာလ ၉ ရက်နေ့မှစတင်ပြီး အင်းလေးကန်အတွင်းသို့ ရေများ တအိအိ တိုးဝင်လာပြီး ရေမျက်နှာပြင် မြင့်တက်လာကြောင်း၊ လက်ရှိ စက်တင်ဘာလ ၁၅ ရက်နေ့ အထိ အင်းလေးကန်အတွင်းရှိ တစ်ထပ်အိမ်မှန်သမျှ အားလုံး အကုန်နစ်မြုပ်သွားကြောင်း၊ လက်ရှိ ကျေးရွာများမှ ပြည်သူများမှာ ဘုန်းကြီးကျောင်းများနှင့် အထပ်မြင့် အဆောက်အအုံများတွင် သွားရောက် ခိုလှုံနေရကြောင်း၊ လတ်တလော ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများလည်း ပြတ်တောက်နေပြီး လျှပ်စစ်မီးလည်း လုံး၀ ပြတ်တောက်နေကြောင်း သိရှိရသည်။

“အင်းလေးကန် ရေကြီးတာက ရေတွေ တအားစီးဝင်ပြီး မျောသွားတာမျိုးမဟုတ်ဘူး။ အပေါ်က ကျတဲ့ရေတွေက တဖြည်းဖြည်း မြင့်တက်လာ တာဆိုတော့ ပြည်သူတွေကတော့ ပစ္စည်းတွေ ပြောင်းရွှေ့ချိန်ရလိုက်တယ်။ အခု အင်းထဲမှာရှိတဲ့ တစ်ထပ်အိမ်မှန်သမျှ အကုန်မြုပ်သွားပြီ။ ပြည်သူတွေက အထပ်မြင့် ဘုန်းကြီးကျောင်းတွေ၊ နှစ်ထပ်အဆောက်အအုံတွေမှာ ခိုလှုံနေရတယ်။ အင်းလေးမှာ ရေဘေးကူမယ်ဆိုရင် အဝတ်အစားတို့မလိုဘူး။ အင်းထဲမှာ ကုန်စုံဆိုင်ကလည်း နည်းနည်းပဲရှိတာကို အားလုံးရေမြုပ်သွားပြီ။ အင်းလေးကို ရေဘေးကူညီကြမယ်ဆိုရင် အစားအသောက်၊ ဆေးဝါး၊ မီးအလင်းအတွက် ဓာတ်ခဲဓာတ်မီးလိုမျိုးတွေ အဓိက လိုမယ်။ ဆေးဝါးတွေ လိုမယ်။ ရေကတအားကြီးတော့ ပြန်ကျသွားဖို့က လနဲ့ချီပြီး ကြာမယ့်သဘောရှိတယ်” ဟု အင်းလေးဒေသ ရေဘေးကူညီရေး ဦးဆောင်နေသူ မဖူးဖူးက ဆိုသည်။

အင်းလေးကန်အတွင်း ဖောင်တော်ဦးဘုရားပါ ရေမြုပ်နေပြီး နန်းပန်စျေးမှာလည်း ရေမြုပ်နေကြောင်း၊ အင်းလေးတွင် သာလေးကျေးရွာ အုပ်စု၊ ရွာမကျေးရွာအုပ်စု၊ သပြေပင်ကျေးရွာအုပ်စု၊ တောင်ပို့နီ၊ ကေလာ ၊နန်းပန်၊ မိုင်းသောက် ၊ နောင်တော၊ ရွာကြီး၊ အင်းပေါခုံ ကျေးရွာအုပ်စုများအတွင်းမှ ကျေးရွာ ၁၇၁ ရွာမှာ ရေကြီးမှုကြောင့် အကူအညီများလိုအပ်နေကြောင်း သိရှိရသည်။

“ကုန်းပေါ်က ရွာတွေတောင် နှစ်ထပ်အိမ်မြုပ်တော့မယ်။ ရေပေါ်ရွာတွေကတော့ ပိုဆိုးတာပေါ့။ အင်းလေးကို အဓိက လှူမယ်ဆိုရင် အစား အသောက်နဲ့ စားနပ်ရိက္ခာပိုလိုပါတယ်။ အဲဒါတွေ များများလှူပေးကြပါ။ ရေတွေ မြုပ်ကုန်တော့ ပိုင်ဆိုင်မှုတွေကတော့ တော်တော်များများ ဆုံးရှုံးပါတယ်” ဟု မဖူးဖူးကဆိုသည်။

အင်းလေးကန်အတွင်း ရေကြီးမှုကြောင့် ရေဘေးသင့်ပြည်သူများမှာ စားရေးသောက်ရေး၊ နေရေးအတွက် ခက်ခဲနေပြီး သွားလာရေးလည်း ခက်ခဲကြောင်း၊ လျှပ်စစ်မီး၊ ဖုန်းလိုင်း၊ အင်တာနက်ပြတ်တောက်နေသည့်အတွက် ကျန်းမာရေးအခက်အခဲများအတွက်လည်း စိုးရိမ်ရသည့် အနေအထားဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article