24.8 C
Yangon

ရန်ကုန်လေဆိပ်တွင် အစစ်အဆေးမရှိ ပြည်ပထွက်ခွင့်ရရှိရန် VIP Service ရရှိမည်ဟုဆိုကာ ငွေလိမ်လည်မှုများ ဖြစ်ပွားနေပြီး လေဆိပ်ဝန်ထမ်းနှင့်ရဲများပါ ပါဝင်ပတ်သက်၊ VIP Service အတွက် ငွေကျပ် သိန်း ၅၀ အထိ စျေးပေါက်လာ

Must read

ရန်ကုန်လေဆိပ်တွင် အစစ်အဆေးမရှိ ပြည်ပထွက်ခွင့်ရရှိရန် VIP Service ရရှိမည်ဟုဆိုကာ ငွေလိမ်လည်မှုများ ဖြစ်ပွားနေပြီး လေဆိပ်ဝန်ထမ်းနှင့်ရဲများပါ ပါဝင်ပတ်သက်၊ VIP Service အတွက် ငွေကျပ် သိန်း ၅၀ အထိ စျေးပေါက်လာ

ရန်ကုန်၊ စက်တင်ဘာ ၁၆

ရန်ကုန်လေဆိပ်တွင် အစစ်အဆေး ၊အတားအဆီးမရှိ ပြည်ပထွက်ခွင့်ရရှိရေး VIP Service ရရှိမည်ဟုဆိုကာ ငွေလိမ်လည်မှုများ ဖြစ်ပွားနေပြီး လေဆိပ်ဝန်ထမ်းနှင့်ရဲများပါ ပါဝင်ပတ်သက်နေကြောင်း အလိမ်ခံရသူ လူငယ်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ရန်ကုန်လေဆိပ်တွင် အလည်အပတ် နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်မှုများ မရှိစေရေး စိစစ်တားဆီးရန် ဩဂုတ်လမှစတင်၍ ဆောင်ရွက်ခဲ့ပြီးနောက် နေ့စဉ် ရန်ကုန်လေဆိပ်မှ ပြည်ပထွက်ခွင့် မရဘဲ လှည့်ပြန်နေရသူ များပြားလာကြောင်း၊ အစ ကနဦးက ပြည်ပသို့ထွက်ခွာရန် VIP Service သည် ငွေကျပ် သိန်း ၂၀ ဝန်းကျင်သာ စျေးပေါက်သော်လည်း ယခုအခါ သိန်း ၅၀ အထိ စျေးပေါက်လာကြောင်း၊ ယင်းအပြင် ငွေကြေးလိမ်လည်မှုများလည်း များပြားလာနေကြောင်း သိရှိရသည်။

” လူငယ်တွေ ပြည်ပ ထွက်ခွင့်ရဖို့ VIP Service ရမယ်ဆိုပြီး ငွေလိမ်သွားတာတွေ အတော်များပါတယ်။ အထူးသဖြင့်တော့ စင်ကာပူ ဒူဘိုင်း မလေးရှားကို သွားမယ့် လူငယ်တွေ အလိမ်ခံရတာ။ လိမ်တာကလည်း အေးဂျင့်တွေကနေပြီးတော့ ၁၀၀ ရာခိုင်နှုန်း Pass ဖြစ်အောင် လုပ်ပေးမယ်ဆိုပြီး ငွေယူတယ်။ ၅ သိန်းကနေ ၁၀ သိန်းအထိ တစ်ဦးကိုတောင်းယူတယ်။ လေဆိပ်ရောက်တော့ ထွက်ခွင့်မရဘဲ လှည့်ပြန်ရတယ်။ လမ်းကြောင်းရှင်းပေးတဲ့ Agent တွေက လေ ဆိပ်ကရဲတွေ၊ လူဝင်ကြီးကြပ်ရေးတွေနဲ့ ပိုင်တယ်ဆိုပြီး သွားခိုင်းတာ။ ပြည်ပထွက်မယ့်သူက ပိုက်ဆံအရင်ပေးရတယ်။ တကယ့်တကယ်လည်း သွားရော လေဆိပ်ကနေ လှည့်ပြန်ရတယ်။ ပိုက်ဆံလည်းပြန်မရဘူး။ သက်ဆိုင်ရာ နယ်မြေရဲစခန်းတွေမှာ သွားပြီး အမှုဖွင့်တော့လည်း ဖွင့်မရဘူး” ဟု ငွေကျပ် ၁၀ သိန်းပေး၍ VIP Service ရယူပြီး လေဆိပ်မှ အတားအဆီးမရှိ ဒူဘိုင်းထွက်ခွင့်ရရန် ကြိုးပမ်းခဲ့သူ လူငယ် ၁ ဦးက ဆိုသည်။

အရှေ့အလယ်ပိုင်း နိုင်ငံများသို့ သွားရောက်မည့် သူများ ဒူဘိုင်း၊ UAE အစရှိသော နိုင်ငံများသို့ သွားရောက်မည့် လူငယ်များမှာ မည်သူမှ လေယာဉ်ပေါ် တက်ခွင့်မရဘဲ လေဆိပ်မှပင် လှည့်ပြန်နေရကြောင်း သိရှိရသည်။

“UAE နဲ့ ဒူဘိုင်းကတော့ အမျိုးသမီး ၊ အမျိုးသား ဘယ်သူမှ သွားခွင့်မရဘူး။ လေယာဉ်လက်မှတ်၊ ဟိုတယ်ဘိုကင်၊ Show Money ပြတာလည်း မရဘူး။ လေဆိပ်ကနေ ကို လှည့်ပြန်ခိုင်းတာ။ ၁၀၀ မှာ ၈၀ လောက်ပြန်လှည့်ရတယ်။ ၂၀ လောက်ကတော့ သူတို့ဟာသူတို့ ချိတ်ဆက်ပြီး VIP Service ယူထားလို့။ အဲဒီလို လှည့်ပြန်ခိင်းတာကလည်း လေဆိပ်က စစ်ဆေးရေးအဖွဲ့တွေရဲ့ ဆုံးဖြတ်ချက်က အဓိကဆိုတော့ ငွေမပေးထားရင် ဘယ်သူမှ မလွတ်ဘူး။ လမ်းကြောင်းတကယ်ပိုင်တဲ့ သူနဲ့မတွေ့ဘဲ အလိမ်ခံနေရတာတွေကလည်း နေ့တိုင်းပဲ” ဟု အရှေ့အလယ်ပိုင်း နိုင်ငံများသို့ သွားရောက်ရန် ဝန်ဆောင်မှုပေးသည့် ခရီးသွားအေဂျင်စီပိုင်ရှင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

လတ်တလော လေဆိပ်ရဲများနှင့် လ၀ကများ ချိတ်ဆက်ထားသော VIP Service သည် ငွေကျပ် သိန်း ၅၀ အထိပေါက်နေပြီး ယင်း VIP Service ကို လူတိုင်းမရနိုင်ဘဲ စစ်အုပ်စုနှင့်နီးစပ်သူများကသာ လုပ်ကိုင်ကြကြောင်း၊ ထို့ ကြောင့် အတားအဆီး အစစ်အဆေးမရှိ ထွက်ခွင့်ရရှိရေး VIP Service စစ်အုပ် စု နှင့်နီးစပ်သူများကို ချိတ်ဆက် ရယူနိုင်သည့်အခြေအနေ ဖြစ်ထွန်းနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article