24.8 C
Yangon

အင်းလေး၊ ဟဲယာရွာမတွင် ရေ ၉ ပေကျော် မြင့်တက်နေသဖြင့် အိမ်ခြေ ၉၀၀ နီးပါး ရေမြုပ်နေပြီး သောက်ရေနှင့်စားနပ်ရိက္ခာများ အဓိက လိုအပ်နေ

Must read

အင်းလေး၊ ဟဲယာရွာမတွင် ရေ ၉ ပေကျော် မြင့်တက်နေသဖြင့် အိမ်ခြေ ၉၀၀ နီးပါး ရေမြုပ်နေပြီး သောက်ရေနှင့်စားနပ်ရိက္ခာများ အဓိက လိုအပ်နေ

ရန်ကုန်၊ စက်တင်ဘာ ၁၆

ရှမ်းပြည်နယ် တောင်ပိုင်း အင်းလေးကန်အတွင်း ရေပေါ်ရွာဖြစ်သည့် ဟဲယာရွာမတွင် ရေများ အဆမတန်မြင့်တက်နေသဖြင့် အိမ်ခြေ ၉၀၀ ကျော်ရှိသည့်အနက်မှ အိမ်ခြေ ၂၀ ကျော်သာ ရေလွတ်ပြီး ပြည်သူများစွာ အခက်တွေ့နေကာ သောက်ရေနှင့် အစားအစာ အကူအညီများ အဓိက လိုအပ်နေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

လတ်တလော တစ်ထပ်အိမ်အားလုံးရေနစ်မြှုပ်နေ၍ ၂ ထပ်အိမ်အပေါ်ထပ်တွင်သာ အိမ်ထောင်စုများ စုနေရသည့် အခြေအနေနှင့် ကြုံတွေ့နေရကြောင်း၊ လက်ရှိတွင် သောက်သုံးရေအခက်အခဲ အဓိက လိုအပ်နေပြီး စားစရာပါအခက်ကြုံနေကြောင်း သိရှိရသည်။

“လက်ရှိ ​ရေက တန့်နေတယ် မကျဘူး။​ ရေ​ဘေး​ကြောင့် ခု​တော့ အစားအ​သောက်နဲ့ ​သောက်​ရေ အခက်အခဲရှိတယ်။ထိခိုက်မှုက​တော့ ​ရေလွှဲ​ပေါက်နဲ့ ကပ်ရက် ရွာ​တွေမှာ အိမ်အလုံးလိုက်ပါသွားတာ​တွေ ရှိမယ်။ ဟဲယာရွာမတော့ မဟုတ်ဘူး”ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အင်းလေးကန်အတွင်းတွင် နေ့စဉ်ညစဉ် ရေတက်လာနေပြီး လက်ရှိတွင် မူလရေမျက်နှာပြင် ထက် ၉ ပေကျော် ရေမြင့်တက်နေခြင်း ဖြစ်ကြောင်း၊ လက်ရှိတွင် ဖုန်းလိုင်း အင်တာနက်လိုင်းများ ပြတ်တောက်နေပြီး ဖုန်း SMS ဖြင့်သာ ဆက်သွယ်၍ ရတော့ကြောင်း သိရှိရသည်။

ထို့ပြင် အင်လေးကန်တွင်းရှိ ရွာတစ်ရွာဖြစ်သည့် ဟဲလုံရွာတွင်လည်း ဒေသပြည်သူများမှာ သောက်ရေအတွက် သီးသန့်မရှိဘဲ ရရာရေသောက်သုံးရသည့်အတွက် ဝမ်းရောဂါများ ဖြစ်ပွားနေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

လက်ရှိတွင် အင်းလေးကန်အတွင်း ကျေးရွာပေါင်း ၁၇၁ ရွာ ရေဘေးသင့်နေကာ အင်းလေးဖောင်တောင်ဦးဘုရားပရဝဏ်အတွင်းအထိ ရေများ နစ်မြုပ်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ-အင်းလေးကန်အတွင်း ရေမြုပ်နေသော ကျေးရွာများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article