24.8 C
Yangon

ဖားကန့်မြိုအနီးတွင် စစ်ကောင်စီတပ်နှင့် KIA ၊ PDF ပူးပေါင်းတပ်များအကြား တိုက်ပွဲ အပြင်းအထန်ဖြစ်ပြီး စစ်တပ်၏ ပစ်ခတ်မှုကြောင့် မီးများလောင်ကျွမ်း

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၈

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အနီးတွင် ယမန်နေ့ ညနေပိုင်း စစ်ကောင်စီတပ်နှင့် KIA ၊ PDF ပူးပေါင်းတပ်များအကြား တိုက်ပွဲ အပြင်း အထန်ဖြစ်ပွားခဲ့ပြီး စစ်တပ်၏ ပစ်ခတ်မှုကြောင့် မီးများလောင်ကျွမ်းခဲ့ကြောင်း ဒေသပြည်သူများနှင့် KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၇ ရက်နေ့ ညနေ ၅ နာရီအချိန်မှစတင်ပြီး ဖားကန့်မြို့အနီး ယူမာရပ်ကွက်နှင့် ဆိုင်းတောင်ရပ်ကွက်တွင် တိုက်ပွဲများ အပြင်း အထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ၏ ဖားကန့်ဗျူဟာကုန်းက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်သည် ဥရုချောင်း ၊ယူမာရပ်ကွက် တစ်ဖက်ကမ်း မော်တောင်းကျေးရွာရှိ ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီတစ်ခု၏ ဆီသိုလှောင်ကန်ကို ထိမှန်ခဲ့သဖြင့် မီးများ လောင်ကျွမ်းခဲ့ကြောင်း သိရှိရသည်။

“မနေ့ ညနေ ၅ နာရီလောက်မှာ ဖားကန့် ယူမာနဲ့ ဆိုင်းတောင်မှာ တိုက်ပွဲ အပြင်း အထန်ပြန်ဖြစ်တယ်။ အပြန်အလှန် လက်နက်ကြီးတွေ ပစ် ခတ်ကြတယ်။ ဖားကန့်ဗျူဟာ စစ်တပ်လက်နက်ကြီးကုန်းကနေ ယူမာနဲ့ ဆိုင်းတောင်ဘက်ကို လက်နက်ကြီးနဲ့ပစ်တယ်။ လက်နက်ကြီးတစ်လုံးက ယူမာ တစ်ဖက်ကမ်း မော်တောင်းရွာရှိတဲ့ ကျောက်တူးဖော်ရေး ကုမ္ပဏီရဲ့ ဆီကန်ထဲကို ကျတယ်။ ကျပြီးတော့ ဆီကန် မီးလောင်တယ်။ တိုက်ပွဲ တော်တော်ပြင်းထန်တယ်။ ဆန်းကြွယ်နဲ့ မော်တောင်းရွာက ပြည်သူတွေက ဆန်းကြွယ် ဘုန်းကြီးကျောင်းဘက်ကို စစ်ရှောင်နေတယ်။ ဖားကန့်မြို့နားမှာ ရှိတဲ့ ရပ်ကွက်တွေက ပြည်သူတွေအားလုံး စစ်ရှောင်ဖို့ ထွက်ပြေးနေရတယ်” ဟု ဒေသတင်းရင်းမြစ်က ပြောဆိုသည်။

စက်တင်ဘာလ ၁၅ ရက်နေ့ စစ်ကောင်စီ၏ ဖားကန့်ဗျူဟာကုန်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် ဖားကန့်မြို့၊ ငှက်ပျောတောရပ်ကွက်အတွင်း လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲကာ ပြည်သူ ၂ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိကြောင်း၊ လက်ရှိတွင် ဖားကန့်မြို့ပေါ်တွင် ဆိုင်များအားလုံး ပိတ်ထားပြီး အခြေအနေကို စောင့်ကြည့်နေကြကြောင်း သိရှိရသည်။

“ဖားကန့် မြို့လယ် ငှက်ပျောတောရပ်ကွက်မှာ စစ်တပ်ရဲ့ လက်နက်ကြီးကျလို့ ပြည်သူ ၂ ဦး သေဆုံးကတည်းက ဖားကန့်မှာ ဆိုင်တွေ အကုန်ပိတ်တယ်။ စစ်လေယာဉ်တွေကလည်း နေ့ည အမြဲ ဝဲနေတယ်။ ဖားကန့်တပ်မကုန်းက လက်နက်ကြီးတွေနဲ့ တောက်လျှောက် ပစ်နေတယ်။ ဖားကန့်ကအခြေအနေ အတော်ဆိုးတယ်” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

စစ်ကောင်စီတပ်စွဲထားသော ဆိုင်းတောင် Lucky Man ဟိုတယ်ကို KIA က သိမ်းပိုက်ရရှိသည်ဆိုသော သတင်းများ ထွက်ပေါ်လျက်ရှိသော်လည်း လက်ရှိ ဖားကန့်နှင့်ဆိုင်းတောင်တွင် အခြေအနေများ အလွန်ရှုပ်ထွေးနေကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article