26 C
Yangon

ခင်ဦးမြို့နယ်၊ မဒေါင်းလှရွာမှ စစ်ကောင်စီ တပ်သားများက အနီးအနားရွာကိုများ ဆက်တိုက် စစ်ကြောင်းထိုးနေ၍ PDF တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ

Must read

ခင်ဦးမြို့နယ်၊ မဒေါင်းလှရွာမှ စစ်ကောင်စီ တပ်သားများက အနီးအနားရွာကိုများ ဆက်တိုက် စစ်ကြောင်းထိုးနေ၍ PDF တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ

■ စစ်တပ် စစ်ကြောင်းက ကျေးရွာ ၁၃ ရွာကို မီးရှို့ဖျက်ဆီးမှု နေအိမ် ၅၀၀ ကျော် ပျက်စီး

ရန်ကုန်၊ စက်တင်ဘာ ၁၈

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မဒေါင်းလှရွာမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက အနီးအနားရွာကိုများ ဆက်တိုက် စစ်ကြောင်းထိုးနေ၍ PDF တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။

စက်တင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် မဒေါင်းလှရွာမှ စစ်ကြောင်းထိုးရန် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် မိုးနတ်ရွာနှင့် ဗောဓိကုန်းရွာကို ဝင်ရောက်စဉ် တော်လှန်ရေး တပ်ဖွဲ့များနှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ယင်း ထိတွေ့ တိုက်ပွဲအတွင်း သေဆုံးခဲ့သော အကြမ်းဖက် စစ်သား အလောင်းများနှင့် ဒဏ်ရာရရှိသူများကို စစ်ကောင်စီ တပ်သားများက မဒေါင်းလှပျူစောထီးရွာထဲကို ပြန်လည်း သယ်ယူသွားကြောင်း သိရသည်။

“မနေ့က နံနက်ပိုင်းက ထွက်လာတဲ့ စစ်ကြောင်းက မဒေါင်းလှပျူရွာ မြောက်ဘက် မိုးနတ်ရွာနဲ့ ဗောဓိကုန်းရွာကို ဝင်ရောက်လာတုန်း တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့ တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲအတွင်း စစ်ခွေး အသေအပျောက်နဲ့ ဒဏ်ရာရတဲ့ကောင်တွေကို အထမ်းတွေနဲ့ မဒေါင်းလှ ပျူစောထီးရွာကို ပြန်သယ်သွားတယ်လို့သိရတယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် စက်တင်ဘာ ၂ ရက်နေ့တွင် ငကြိုင်းရွာ၊ စက်တင်ဘာ ၃ ရက်နေ့တွင် အင်ကြင်းပင် စောကြီးရွာ၊ သနပ်စိန်ရွာ၊ ဖန်းခါးကုန်းရွာ၊ စက်တင်ဘာ ၄ ရက်နေ့တွင် ပေါက်တောရွာ၊ နှဲတွင်းရွာ၊ စက်တင်ဘာ ၅ ရက်နေ့တွင် ဆီဆုံလေးရွာ၊ စက်တင်ဘာ ၇ ရက်နေ့တွင် မဒေါင်းကြီးရွာ၊ ရွှေကာရွာ နှင့် စက်တင်ဘာ ၁၀ ရက်နေ့တွင် စည်ပုတ္တရာရွာ၊ ဂျပို့ရွာ၊ ပေါက်သင့်တုံရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ယင်း အကြမ်းဖက် စစ်တပ်စစ်ကြောင်း မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာ ၁၃ ရွာမှ နေအိမ် ၅၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး သောင်းနှင့်ချီသော ပြည်သူများ လက်ရှိချိန်ထိ ထွက်ပြေးတိမ်းရှောင်နေရဆဲ ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article