27 C
Yangon

ပုဏ္ဏားကျွန်းနှင့်ဂွမြို့နယ်တို့တွင် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်သဖြင့် အရပ်သား ပြည်သူ ၃ ဦးသေဆုံး

Must read

ရန်ကုန်| စက်တင်ဘာ ၁၉

ရခိုင်ပြည်တွင် AA သိမ်းပိုက်ထားသော ပုဏ္ဏားကျွန်းမြို့နယ်ကို အာဏာ သိမ်း စစ်ကောင်စီက ဗုံးကျဲတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ဦးသေဆုံးပြီး ၃ ဦး ပြင်းထန်ဒဏ်ရာရသွားကြောင်း ဒေသခံများထံမှ သိရသည်။

စက်တင်ဘာလ ၁၇ ရက်နေ့ ညနေက စစ်ကောင်စီက ဂျက်ဖိုက်တာ တစ်စီးဖြင့် လာရောက် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ပုဏ္ဏားကျွန်း-ရသေ့တောင် လမ်းဆုံတွင် ကျရောက်ပေါက်ကွဲခဲ့သည်။

ကူညီကယ်ရေးပြုလုပ်ခဲ့သူတစ်ဦးက ” ညနေ ၄ နာရီလောက်မှာ စစ်ကောင်စီက ဗုံးလာကျဲတာ။ ပုဏ္ဏားကျွန်းမြို့အဝင် ရသေ့တောင်သွားလမ်း လမ်းဆုံမှာ ကျရောက်ပေါက်ကွဲခဲ့တယ်။ အဲနားမှာက ကယ်ရီဂိတ်လုပ်ထားတာလေ။ ခရီး သွားတွေနဲ့ လူတွေအများကြီးပဲရှိတယ်။ ” ဟု ပြောသည်။

အရပ်သား ၁ ဦးက နေရာ၌ သေဆုံးသွားပြီး ဒဏ်ရာ ၃ ဦးကို အရေးပေါ်ဆေးကုသရန် ပို့ဆောင်ထားပြီး လက်ရှိတွင် ၎င်းတို့၏ ကျန်းမာရေးအခြေအနေကို မသိရသေးကြောင်း ကူညီကယ်ဆယ်ရေးလုပ်သူများက ဆိုသည်။

” လောလောဆယ်တော့ နီးစပ်ရာ ကျန်းမာရေးဌာနကို ပို့ထားတယ်။ ဆရာဝန်တွေကတော့ ဆေးကုပေးနေတယ်။ ဒါပေမယ့် အသက်အန္တရာယ် ဘယ်လိုလဲဆိုတာ အတိအကျ မသိရသေးဘူး။ အသက်မသေဖို့ ဆုတောင်းပါတယ်။ ” ဟု ကူညီပေးခဲ့သူတစ်ဦးက ပြောသည်။

စက်တင်ဘာလ ၁၆ ရက် နေ့လယ် ၂ နာရီအချိန်ကလည်း ဂွမြို့နယ် ပေါက်တောကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့၍ အရပ်သား ၂ ဦးသေဆုံးကာ ၇ ဦး ပြင်းထန်ဒဏ်ရာများ ရရှိသွားကြသည်။

ဒဏ်ရာရရှိသူများကို အာရက္ခတပ်တော် AA ဆေးတပ်ဖွဲ့နှင့် ဆရာဝန်များက ဆေးကုသပေးနေပြီး အာဏာသိမ်း စစ်ကောင်စီသည် ရခိုင်ပြည်အတွင်း စစ်ရှုံးနေစဉ် အရပ်သားပြည်သူများကို ဦးတည်ကာ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုကို ဆက်တိုက်ပြုလုပ်နေကြောင်း သိရသည်။

စစ်ကောင်စီ၏ ယင်းကဲ့သို့ အရပ်သားပြည်သူများအား ဦးတည်ပစ်မှတ်ထားနေ၍ မြို့ပေါ်က အိုးအိမ်စွန့်ခွာ စစ်ရှောင်နေကြသော အရပ်သားပြည်သူများမှာ မိမိနေအိမ် မြို့ပေါ်သို့ လာရောက်နေနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

အလားတူ အာဏာသိမ်း စစ်ကောင်စီက တိုက်ပွဲပြင်းထန်နေသော ဂွမြို့နယ်ကို စက်တင်ဘာလ ၁၆ ရက်နေ့က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦးသေဆုံးပြီး ၇ ဦး ပြင်းထန်ဒဏ်ရာရသွားကြောင်း ဒေသခံများထံမှ သိရသည်။

” ကျနော်တို့ ပေါက်တောရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ လာဗုံးကျဲတာ။ ရွာမှာက ရွာသားတွေအပြင် စစ်ဘေးရှောင်တွေလည်းရှိကြတယ်။ သေဆုံးတဲ့သူတွေ၊ ဒဏ်ရာရတဲ့သူတွေ ရှိပါတယ်။ ဒဏ်ရာရတဲ့သူတွေမှာ ဒဏ်ရာက အရမ်း ပြင်းထန်တယ်။ တချို့ဆို မြင်လို့တောင် မကောင်းဘူး။ ” ဟု ရွာသားတစ်ဦးက ပြောသည်။

လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဂွမြို့နယ် ပေါက်တောကျေးရွာက အသက် ၃၃ နှစ်အရွယ် ဦးအောင်ဆန်းဦးနှင့် အသက် ၈၀ အရွယ် ဒေါ်သန်းကြွယ်တို့ သေဆုံးခဲ့ရသည်။

အသက် ၉၀ အရွယ် ဒေါ်အေးပုံ၊ အသက် ၆၅ နှစ် အရွယ် ဒေါ်ရီနှင်းစီ၊ အသက် ၅၉ နှစ်အရွယ် ဦးတင်လှမောင်၊ အသက် ၁၇ နှစ်အရွယ် မောင်ဖြိုးမင်းအောင်၊ အသက် ၁၅ နှစ်အရွယ် မစုမွန်ကျော်၊ အသက် ၁၃ နှစ်အရွယ် မဆောင်းသဇင်ဦး၊ အသက် ၁၃ နှစ်အရွယ် မောင်မင်းခန့်ကျော် တို့က ပြင်းထန်ဒဏ်ရာရသွားကြသည်။

စက်တင်ဘာလ ၁၆ ရက်နေ့ နေ့လယ် ၂ နာရီအချိန်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာ တစ်စီးဖြင့် ဂွမြို့နယ်ကို ဗုံးကျဲတိုက်ခိုက်မှုကြောင့် ထိ ခိုက် သေဆုံးခဲ့ရကြောင်း ရွာသားများက ဆိုသည်။

ဒဏ်ရာရသူများကို အရေးပေါ်ဆေးကုသမှုခံယူနေရပြီး စိုးရိမ်ရသူ အများအပြားရှိကြောင်း သိရသည်။

ဆက်လက်ပြီး ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီ ထောင်ထားသော မြေမြှုပ်မိုင်းကို နင်းမိ၍ မြို့ခံ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးမှာ ကျောက်ဖြူမြို့ တိုးချဲရပ်ကွက် ၅ လမ်းက အသက် ၂၆ နှစ်အရွယ် မနှင်းရည်မွန်ဖြစ်ပြီး စက်တင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းက မြို့ပြင်ထွက် ဟင်းရှာထွက်စဉ် စစ်ကောင်စီ ထောင်ထားသော မိုင်းကို နင်းမိ၍ သေဆုံးသွားခြင်းဖြစ်သည်။

ဂုံးချွိန်တိုက်နယ် အောင်စေတီရွာ အောက်ဘက်၌ မိုဟင်းခူးနေစဉ် မြေမြှုပ်မိုင်း နင်းမိပြီး ပေါက်ကွဲကာ သေဆုံးသွားခြင်းဖြစ်ကြောင်း စုံစမ်းသိရသည်။

ဓာတ်ပုံ – စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ၂၀၂၄ ခုနှစ်၊ မတ်လ ၉ ရက်နေ့က မီးလောင်ပျက်စီးသွားခဲ့ရသည့် ပုဏ္ဏားကျွန်းမြို့မဈေးအား တွေ့ရစဉ်။ (ဓါတ်ပုံ – PYA)

(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ၂၀၂၄ ခုနှစ်၊ မတ်လ ၉ ရက်နေ့က မီးလောင်ပျက်စီးသွားခဲ့ရသည့် ပုဏ္ဏားကျွန်းမြို့မဈေးအား တွေ့ရစဉ်။ (ဓါတ်ပုံ – PYA)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article