32 C
Yangon

ပုလောတွင် စစ်ကြောင်းထိုးနေသော စစ်တပ်က ပြည်သူ ၂ ဦး မီးရှို့သတ်ဖြတ်ပြီး နေအိမ် ၄၀ ကျော်မီးရှို့ ဖျက်ဆီး၊ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်များက လိုက်လံတိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများရှိ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၀

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်း လှည့်လည်ကာ ပြည်သူ ၂ ဦးကို မီးရှို့သတ်ဖြတ်ပြီး နေအိမ် အလုံး ၄၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းအား တိုက်ခိုက်ခဲ့ရာ စစ်သား အများအပြားထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူတစ် ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

စက်တင်ဘာလ ၉ ရက်နေ့ ပုလောမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီတပ် ခလရ ၂၈၅ တပ်ရင်းမှ အင်အား ၁၂၀ ကျော်ဖြင့် ထွက်လာသော စစ်တပ်က လိပ်ဥသောင် ကျေးရွာသို့ ရောက်ရှိလာစဉ် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းနှင့် မဟာမိတ်တပ်များ တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ဖြစ်ခဲ့ကြောင်း သိရသည်။

အဆိုပါအကြမ်းဖက်စစ်တပ်စစ်ကြောင်းက စက်တင်ဘာလ ၁၁ ရက်နေ့တွင် လယ်ဖက်ကျေးရွာနှင့် ကျောက်သင်္ဘောရွာတို့သို့ ဝင်ရောက်ပြီး ပြည်သူ ၄၅ ဦးခန့် ဖမ်းဆီးသွားခဲ့ကြောင်း၊ စက်တင်ဘာလ ၁၄ ရက်နေ့တွင်လည်း ဖော့ရွာအနီး ယင်းအကြမ်းဖက်စစ်တပ်စစ်ကြောင်းကို မြိတ် ခရိုင်အမှတ် ၁ တပ်ရင်းတပ်ဖွဲ့ဝင်များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ ကြောင်း သိရသည်။

စက်တင်ဘာလ ၁၅ ရက်နေ့တွင် စစ်တပ်က ၅ မိုင်ကျေးရွာသို့ ဝင်ရောက်ပြီး ပြည်သူ့နေအိမ် ၉ လုံးကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးကာ ပြည်သူ ၁၀ ဦးကိုလည်း လူသားဒိုင်းကာအဖြစ် ဖမ်းဆီးသွားခဲ့ကြောင်း၊ စက်တင်ဘာလ ၁၆ ရက်နေ့တွင် စစ်တပ်က မီးလောင်အော်ကျေးရွာနှင့် ရှပ်ပုံစံပြကျေးရွာတို့သို့ ဝင်ရောက်လာသဖြင့် မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းက လိုက်လံတိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ ကြောင်း သိရသည်။

စက်တင်ဘာလ ၁၈ ရက်နေ့တွင်လည်း ပုလောမြို့နယ်၊ ရှမ်ပုံကျေးရွာအုပ်စုအတွင်း ဝင်ရောက်ခဲ့ သဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(ပုလော) ၊ မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းနှင့် တော်လှန်ရေး မဟာမိတ်တပ်များက ခုခံတိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ တစ်နေကုန်ဖြစ်ခဲ့ကြောင်း၊ အကြမ်း ဖက် စစ်သားအများအပြား ထိခိုက်သေဆုံးမှုရှိကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးလည်း မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းအကြမ်းဖက်စစ်တပ်က ပြင်းငယ်ကျေးရွာ စာသင်ကျောင်းတွင် ဝင်ရောက်တပ်စွဲခဲ့ပြီး ပြင်းငယ်ကျေးရွာ၊ ရှပ်ပုံစံပြကျေးရွာတို့ရှိ ပြည်သူများကို ဖမ်းဆီးကာ လူသားဒိုင်းပြုလုပ်ခြင်း၊ နေအိမ်များ ဖျက်ဆီးခြင်း၊ နေအိမ်များကို ဖောက်ထွင်းပြီး အဖိုးတန်ပစ္စည်းများ၊ မော်တော်ယာဉ် များကို ခိုးယူခြင်းတို့ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စက်တင်ဘာလ ၁၈ ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီတပ်များက ပြည်သူ့ကာကွယ်ရေးတပ် များမရှိသည့် မီးလောင်အော်ကျေးရွာသို့ ဝင်ရောက်သွားခဲ့ပြီး နေအိမ် ၃၁ လုံးကိုလည်းကောင်း၊ ရှပ်ပုံ စံပြကျေးရွာမှ နေအိမ် ၃ လုံးကိုလည်းကောင်း မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၁၉ ရက် နံနက်ပိုင်း အကြမ်းဖက်စစ်တပ် ဝင်ရောက်သွားခဲ့သည့် ရှပ်ပုံစံပြ ကျေးရွာကို နယ်မြေရှင်းလင်းရေး ဝင်ရောက်စဉ် အကြမ်းဖက်စစ်သားများက မီးရှို့သတ်ဖြတ်ခဲ့ သည့် စိတ်ရောဂါခံစားနေရသူ ရွာသားတစ်ဦး၏ အလောင်းကိုတွေ့ရှိရကြောင်း၊ အလားတူ မီးလောင်အော် ကျေးရွာတွင်လည်း စစ်တပ်က မီးရှို့သတ်ဖြတ်ခဲ့သော အဖွားအိုတစ်ဦး၏ အလောင်းကို တွေ့ရှိရကြောင်း သိရှိရသည်။

ထို့ပြင် ရှပ်ပုံစံပြကျေးရွာနှင့် မီးလောင်အော်ကျေးရွာတို့မှ ပြည်သူ ၄၀ ဦးထက်မနည်း ကိုလည်း ခလရ၂၈၅ တပ်ရင်းထဲသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

“စစ်ကြောင်းက တစ်ကြောင်းနဲ့မွှေနေတာပါ၊ အင်အား ၁၂၀ ထက်များနိုင်တယ်၊ လူသားဒိုင်းဖမ်းသွား တဲ့သူတွေရဲ့နောက်ဆက်တွဲအခြေအနေကို မသိရဘူး။ ရှပ်ပုံစံပြရွာက စိတ်မနှံ့တဲ့ အမျိုးသား ၁ ဦးနဲ့ မီးလောင်အော်ရွာက အဖွားအိုတစ်ဦးကို မီးရှို့သတ်ဖြတ်သွားတာ၊ အခုကျူးလွန်ထားတဲ့ စခတွေရဲ့ လုပ်ရပ်က ပြောစရာမရှိအောင် ရက်စက်မှုက ကမ်းကုန်တယ်။ ကျနော်တို့အနေနဲ့က သူတို့ကို အမြစ် ပြတ်ချေမှုန်းဖို့ကလွဲပြီး အခြားရွေးချယ်စရာလမ်း မရှိတော့ဘူး။ တိုက်ပွဲတွေက ပိုပြီးပြင်းထန်လာနိုင် တယ်။ ဒီတော့ ပြည်သူတွေအနေနဲ့ စစ်ရေးသတိရှိနေဖို့လိုတယ်။ ဒီထက်ပိုပြီး ခက်ခဲပင်ပန်းနိုင်တယ်။ ဒါပေမယ့် ကျနော်တို့ အတူရင်ဆိုင်ကြမယ်။ ဒီလိုဖြစ်ရပ်မျိုး ထပ်မဖြစ်အောင်လည်း ကျနော်တို့ ပိုပြီး ကြိုးစားပေးပါ့မယ်” ဟု မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ပုလောမြို့နယ်အတွင်း တိုက်ပွဲများပိုမို ပြင်းထန်စွာ ဖြစ်ပွားလာနိုင်ပြီး ပြည်သူများအနေဖြင့် စစ်ရေးသတိ အမြဲရှိရန်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် မဟာမိတ်အဖွဲ့အစည်းများက ထုတ်ပြန်သည့် ထုတ်ပြန်ချက်များကို လေးလေးစားစား လိုက်နာပေးကြပါရန် မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းက တိုက်တွန်းနှိုးဆော်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article