26 C
Yangon

ကမ္ဘာကြီးနှင့် ရေဘေး ကယ်ဆယ်ရေး ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံတကာ ၏ အသိအမှတ်ပြုမှုနှင့် တရားဝင် အစိုးရ ဖြစ်မှုကို သက်သေထူကြရန် အကြမ်းဖက် မင်းအောင်လှိုင်ညွှန်ကြား

Must read

ကမ္ဘာကြီးနှင့် ရေဘေး ကယ်ဆယ်ရေး ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံတကာ ၏ အသိအမှတ်ပြုမှုနှင့် တရားဝင် အစိုးရ ဖြစ်မှုကို သက်သေထူကြရန် အကြမ်းဖက် မင်းအောင်လှိုင်ညွှန်ကြား

ရန်ကုန်၊ စက်တင်ဘာ ၂၁

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရေကြီးရေလျှံမှုကြောင့် ပြည်ပ နိုင်ငံများမှ ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးပစ္စည်းများ ရရှိနိုင်ရေး ချိတ်ဆက်ဆောင်ရွက်ကြခြင်းဖြင့် အမေရိကန်နိုင်ငံအပါအဝင် အနောက်နိုင်ငံကြီးများ၊ နိုင်ငံတကာ၏ အသိအမှတ်ပြုမှုနှင့် တရားဝင် အစိုးရဖြစ်မှုကို သက်သေ ပြသနိုင်သည်ဟု ပြောဆိုညွှန်ကြားထားကြောင်း သိရှိရသည်။

စက်တင်ဘာလ ၁၇ ရက်နေ့ နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအစည်းအဝေးတွင် အကြမ်းဖက် မင်းအောင်လှိုင်က ထိုသို့ ထုတ်ဖော်ပြောဆို ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် ရာဂီမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုများကို အခြားနိုင်ငံများနည်းတူ မြန်မာနိုင်ငံကလည်း ရင်ဆိုင်ကြုံတွေ့ရကြောင်း၊ ထိုသို့ ကြုံတွေ့ရမှုအတွက် ရေကြီးရေလျှံမှုများ ကြုံတွေ့ခံစားခဲ့ရသည့် အခြားနိုင်ငံများနည်းတူ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးနှင့် ထောက် ပံ့ရေးပစ္စည်းများ အမြန်ဆုံးရရှိနိုင်ရေးအတွက် အမြန်ဆုံးချိတ်ဆက်ရယူနိုင်ရေး ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာ တွင် မြန်မာနိုင်ငံတွင် လက်ရှိ အုပ်ချုပ်နေသော အစိုးရမှာ မိမိတို့အစိုးရဖြစ်ပြီး မိမိတို့နှင့်သာ ချိတ်ဆက် ဆောင်ရွက်ခြင်းဖြင့် ရေဘေး ကူညီရေးအတွက် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့သည်သာ တရားဝင်အစိုးရဖြစ်သဖြင့် ကူညီကယ်ဆယ်ရေး ပူးပေါင်း ဆောင်ရွက်ခြင်းအားဖြင့် အသိအမှတ်ပြုမှုနှင့် တရားဝင်မှုကို ရယူနိုင်သည့်သဘောဖြစ်သည်ဟု မင်းအောင်လှိုင်က ပြောဆိုခဲ့ကြောင်း သိရှိရသည်။

“တပ်ချုပ်ပြောတဲ့အထဲမှာ နိုင်ငံတကာကို အကူအညီပေးရေးကိစ္စတွေ ချိတ်ဆက်ဆောင်ရွက်ရမယ်။ ဒီလို ဆောင်ရွက်တာက ပြည်သူတွေအတွက် အကူအညီတွေ ရမှာဖြစ်သလို တစ်ဖက်မှာလည်း ဘယ်သူက တရားဝင်အစိုးရဖြစ်တာကို ပေါ်လွင်စေတဲ့ သက်သေပြမှုဖြစ်တယ်ပေါ့။ အဲဒီသဘောမျိုး ထည့်သွင်းပြောကြားတယ်။ နိုင်ငံတကာအကူအညီတွေကလည်း လေဆိပ်တွေကနေတစ်ဆင့်ပဲ လက်ခံပြီး ဆောင်ရွက်ပေးနေတယ်ပေါ့။ မြန်မြန်ဆန်ဆန်နဲ့ အခက်အခဲမရှိ လက်ခံဆောင်ရွက်ပေးကြဖို့ တပ်ချုက်ဘက်က ညွှန်ကြားတယ်”ဟု နေပြည်တော် တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက်မင်းအောင်လှိုင်က ထိုသို့ ပြောဆိုညွှန်ကြားနေချိန် တပ်လော်ဘီများကလည်း တယ်လီဂရန်ချန်နယ်များမှတစ်ဆင့် NUG သည် လေလှိုင်းအစိုးရသာဖြစ်ပြီး လက်တွေ့ ရေဘေးကယ်ဆယ်ရေး ကို စစ်တပ်နှင့် စစ်ကောင်စီကသာ အဓိက အကူအညီပေးနိုင်သည်ဆိုသော ဝါဒဖြန့်မှုများကို တောက်လျှောက်ဆိုသလို နေ့စဉ် နေ့တိုင်း ဝါဒဖြန့်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် စက်တင်ဘာလ ၉ ရက်နေ့မှ စက်တင်ဘာလ ၁၄ ရက်နေ့အထိ ရာဂီမုန်တိုင်းနှင့် လေဖိအားနည်းရပ်ဝန်းများကြောင့် မိုးသည်း ထန်စွာ ရွာသွန်းခဲ့ပြီး မြို့နယ်ပေါင်း ၆၀ ကျော်တွင် ပျက်စီးမှုများ ကြုံတွေ့ခဲ့ကာ လူပေါင်း ၃၀၀ ကျော် သေဆုံးပျောက်ဆုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article