31 C
Yangon

ရခိုင်ပြည်နယ်တွင် အရေပြား ရောဂါ ပိုမိုပျံ့နှံ့လာပြီး ကူးစက်ခံရသူ ၅၀၀ ကျော် အထိရှိလာ

Must read

ရခိုင်ပြည်နယ်တွင် အရေပြား ရောဂါ ပိုမိုပျံ့နှံ့လာပြီး ကူးစက်ခံရသူ ၅၀၀ ကျော် အထိရှိလာ

ရန်ကုန်၊ စက်တင်ဘာ ၂၁

ရခိုင်ပြည်နယ်၊ မြောက်ပိုင်း ပုဏ္ဏားကျွန်းမြို့နယ်နှင့် မင်းပြားမြို့နယ်တို့တွင် အရေပြားရောဂါ ပိုမိုပျံ့နှံ့လာပြီး ကူးစက်ခံရသူ ၅၀၀ ကျော်အထိ ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။

ကူးစက်ခံရသူအများစုသည် စစ်ဘေးရှောင်များဖြစ်ပြီး မိုးဦးကာလ ဇွန်လကတည်းက စတင်ဖြစ်ပွားနေကာ ယခုအချိန်အထိ တစ်ဦးတစ်ယောက်မျှ ပြန်လည်ကောင်းမွန်လာခြင်းမရှိဘဲ ပိုမိုပျံ့နှံ့လာခြင်း ဖြစ်ကြောင်း သိရသည်။

“စဖြစ်တာက မိုးဦးကာလကတည်းက၊ ပြန်ကောင်းလာတာမရှိဘဲ ပိုကူးစက်လာတယ်။ ကျနော်တို့ လူ ၂၅၀၀ ကို စာရင်းကောက်ထားတဲ့အထဲ ၄၈၀ ကျော်လောက်က အရေပြားရောဂါကို ခံစားနေရတယ်။ လက်တွေ၊ ပေါင်တွေ၊ ကျောကုန်း၊ တင်ပါး၊ ခြေသလုံး၊ လည်ပင်း စသဖြင့် တချို့ဆို ခန္ဓာကိုယ်တစ်ခုလုံး ယားယံတာ၊ အဖုတွေပေါက်တာ၊ ယားလို့ ကုတ်ရင်းနဲ့ အနာဖြစ်နေကြတာ အများကြီးပါပဲ။ ” ဟု ပုဏ္ဏားကျွန်း လင်းရောင်ခြည်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အရေပြားရောဂါ အများဆုံးခံစားနေရသည့် စစ်ရှောင်များမှာ ပုဏ္ဏားကျွန်းမြို့ပေါ်မှ စစ်ရှောင်များနှင့် စစ်တွေမြို့နယ်မှ စစ်ရှောင်များဖြစ်ပြီး စစ်တွေမြို့နယ်မှ ကျေးရွာများအစု ပုဏ္ဏားကျွန်းဒေသမှာ စစ်ရှောင်များဖြစ်ကြောင်း သိရှိရသည်။

စစ်ရှောင်စခန်းများတွင် လူပွတ်သိပ်စွာ နေထိုင်ရခြင်း၊ ပတ်ဝန်းကျင်မသန့်ရှင်းခြင်း၊ ရေမသန့်ရှင်းခြင်းနှင့် လုံလောက်ဆေးဝါးကုသမှု မခံယူရခြင်းတို့ကြောင့် အရေပြားရောဂါဖြစ်ပွားသူဦးရေ တိုးလာခြင်းဖြစ်ကြောင်း လင်းရောင်ခြည်ဖောင်ဒေးရှင် တာဝန်ရှိသူက ထပ်မံပြောဆိုသည်။

ULA/AA ၏ ကျန်းမာရေးဌာနမှ ဆေးအဖွဲ့ လာရောက်ကုသမှုရှိသော်လည်း အရေပြားရောဂါဖြစ်ပွားသူ ဦးရေအားလုံးကို ကာဗာမလုပ်နိုင်ခြင်းနှင့် ဆေးဝါးများ မစုံမလင်မှုများကြောင့် ရောဂါဝေဒနာ ပိုခံစားနေရကြောင်း သိရသည်။

” အုပ်ချုပ်ရေးအဖွဲ့တွေကတော့ ကျန်းမာရေးဌာနက တာဝန်ရှိသူတွေနဲ့ လာကုပေးတော့ ရှိပါတယ်။ ဒါပေမယ့် သူတို့က အားလုံးကို မကုပေးနိုင်ဘူးလေ။ ပြီးတော့ ဆေးဝါးက မစုံမလင်။ သူတို့မှာ ဆေးဝါးမရှိဘူး။ ဆေးကုနေရင်းနဲ့ ကောင်းနိုးနိုးဖြစ်နေချိန် ဆေးက ပြတ်သွားတော့ ထပ်ပွားလာရော။ တချို့ဆို လုံးဝ မကုရတဲ့သူတွေရှိတယ်။ ကလေးတွေလည်း အများကြီးပါပဲ။ သူတို့မှာဆို ယားလို့ ကုတ်ရင်းနဲ့ အနားအကြီးကြီး ဖြစ်သွားတာတွေလည်းရှိနေတယ်။ ဒီရောဂါက အချိန်မီမကုနိုင်ရင် နာတာရှည်ရောဂါလိုမျိုး ဖြစ်သွားတတ်တယ်လို့ သိထားပါတယ်။ ဝေဒနာတွေ အမြန်ဆုံး ပျောက်စေချင်နေပါပြီ။ ” ဟု ပုဏ္ဏားကျွန်းဒေသတွင် စစ်ရှောင်နေသူ စစ်တွေ ဒေသခံတစ်ဦးက ပြောဆိုသည်။

လင်းရောင်ခြည်ဖောင်ဒေးရှင်းက ကောက်ယူထားသည့် အရေပြားရောဂါဖြစ်သွားသူ လူ ၄၈၀ ကျော်ထဲတွင် ဆယ်နှစ်အောက် ကလေး ၁၁၂ ဦး နှင့် ငါးနှစ်အောက် ကလေး ၄၀ ဦးပါဝင်ကြောင်း၊ မင်းပြားမြို့နယ် ခွဆုံကျေးရွာတွင်လည်း ကလေးငယ်များအပါအဝင် လူ ၅၀ ကျော် အရေပြားရောဂါဝေဒနာ ခံစားနေရပြီး လတ်တလောစာရင်းအရ ရခိုင်မှာ စုစုပေါင်း ၅၀၀ ကျော်အထိ ကူးစက်ပျံ့နှံ့လာနေခြင်းဖြစ်ကြောင်း သိရသည်။

မင်းပြား ခွဆုံကျေးရွာသည် ချင်းလူမျိုးများ နေထိုင်ရာ ကျေးရွာတစ်ရွာဖြစ်ပြီး အရေပြားရောဂါခံစားနေရသော ကလေးငယ်များသည် စိုးရိမ်ရသည့်အတွက် ၆ ဦးထက်မနည်း ဆေးရုံတင်ထားရကြောင်း၊ ပုဏ္ဏားကျွန်းဒေသတွင် စစ်ရှောင် ၁၀၀၀၀ ခန့်ရှိပြီး ယင်းအထဲက လူ ၂၅၀၀ စာရင်းကောက်ယူထားသည့်အထဲမှ လူ ၅၀၀ အရေပြားရောဂါ ဖြစ်ပွားနေပါက အဆိုပါ စစ်ရှောင် တစ်သောင်းအား အလုံစုံစာရင်းကောက်ယူနိုင်မည်ဆိုလျှင် အရေပြားရောဂါ ခံစားနေရသူ ပိုများပြားမည်ဟု လင်းရောင်ခြည်ဖောင်ဒေးရှင်း တာဝန်ရှိသူက ပြောဆိုသည်။

ပုဏ္ဏားကျွန်းဒေသတွင် အရေပြားရောဂါ ခံစားနေရသော လူ ၄၈၀ ကျော်ထဲက ၁၀၀ ကျော်ကို ငွေကျပ် ၃၀၀၀၀ စီ အခြားသော အရပ်ဘက်အဖွဲ့တစ်ခုနှင့် ပူးပေါင်းကာ ထောက်ပံ့ပေးခဲ့ကြောင်း၊ အဆိုပါ ထောက်ပံ့ငွေမှာ အရေပြားရောဂါ လျှော့ချရေးအတွက် ဆေးဝယ်ခြင်း သို့မဟုတ် ဆေးကုသမှုခံယူရန် ပေးခြင်းဖြစ်သော်လည်း ရခိုင်တွင် အရေပြားရောဂါနှင့်ပတ်သက်ပြီး ဆေးဝါး လုံးဝ ဝယ်ယူ၍မရကြောင်း စစ်ရှောင်များက ပြောဆိုသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှ မြို့အများစုနှင့် နယ်စပ်ဒေသကို အာရက္ခတပ်တော် AA က ထိန်းချုပ် သိမ်းပိုက်ထားသည့်အတွက် ဒေသပြည်သူများ၏ အရေးတကြီးလိုအပ်နေသော ဆေးဝါးများနှင့် အခြေခံစားသောက်ပစ္စည်းများအား ဖြည့်ဆေးရန် တောင်းဆိုနေကြောင်း သိရသည်။

( Western News သည် ရန်ကုန်ခေတ်သစ် မီဒီယာ၏ မိတ်ဖက် ဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article