26 C
Yangon

စစ်မှုထမ်းအပတ်စဉ် ၆ အတွက် ဒဂုံမြို့သစ်တောင်ပိုင်း၊ ကျောက်ဆည်၊တံတားဦးနှင့် ရွှေဘိုတို့တွင် စစ်တပ်က လူငယ်အများအပြားကို ဖမ်းဆီး

Must read

စစ်မှုထမ်းအပတ်စဉ် ၆ အတွက် ဒဂုံမြို့သစ်တောင်ပိုင်း၊ ကျောက်ဆည်၊တံတားဦးနှင့် ရွှေဘိုတို့တွင် စစ်တပ်က လူငယ်အများအပြားကို ဖမ်းဆီး

ရန်ကုန်၊ စက်တင်ဘာ ၃၀

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်နှင့် တံတားဦးမြို့နယ်၊ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်နှင့် ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းတို့တွင် စစ်မှုထမ်းရန် အတွက် လူငယ်အများအပြား ဖမ်းဆီးခံရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၉ ရက်နေ့ နံနက် ၅ နာရီအချိန် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ အမှတ် ၅၃ ရပ်ကွက်၊ ပိတောက်မြိုင်လမ်းတွင် စစ်တပ်၊ရဲနှင့် အုပ်ချုပ်ရေးအဖွဲ့များက လူငယ်များကို လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

“မနေ့ မနက် ၅ နာရီမှာ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ အမှတ် ၅၃ ရပ်ကွက်၊ ပိတောက်မြိုင်လမ်းမှာ လူငယ်တွေကို စစ်မှုထမ်းဖို့ ဆိုပြီး လာရောက်ခေါ်ဆောင်သွားပါတယ်။ ခေါ်တယ်ဆိုတာက စစ်မှုထမ်းဖို့ ရှောင်နေတဲ့ လူငယ်တွေကို ဝင်ဖမ်းပြီး ခေါ်သွားတာ” ဟု​ ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အလားတူ စက်တင်ဘာလ ၂၈ ရက်နေ့ ညပိုင်း မန္တလေးတိုင်း ကျောက်ဆည်မြို့နယ်၊ သစ်ကြီးတန်းရပ်ကွက်တွင် စစ်တပ်နှင့်ရဲများက လူငယ် ၁၅ ဦးကိုလည်းကောင်း၊ အခြားရပ်ကွက် (မြင့်ဆိုင်း အပုံ၀ိုင်း) များမှလည်း လူငယ် ၂၀ ဦးကိုလည်းကောင်း ဖမ်းဆီးသွားကြောင်း၊ လူငယ် ၁ ဦးလျှင် ငွေကျပ် ၁၀ သိန်းဖြင့် ပြန်လည်ရွေးခိုင်းပြီး မရွေးနိုင်သူများကို တပ်သားသစ် အဖြစ် စုဆောင်းသွားကြောင်း သိရှိရသည်။

ထို့အတူ စက်တင်ဘာလ ၂၉ ရက်နေ့ မန္တလေးတိုင်း တံတားဦးမြို့နယ်အတွင်းရှိ အရက်ဆိုင်များ၊ KTV တချို့ကို စစ်တပ်က ဝင်ရောက် ဖမ်းဆီးခဲ့ရာတွင် လူငယ် ၅၀ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရကြောင်း၊ လက်ရှိတွင် ဖမ်းဆီးခံရသော လူငယ်များကို စစ်တပ်ကနှစ်နေရာ ခွဲ၍ ဖမ်းဆီး ထိန်းသိမ်းထားကြောင်း သိရှိရသည်။

“အရက်ဆိုင်ကထွက်လာတဲ့လူငယ်တွေရော၊ KTV ကထွက်လာတဲ့လူငယ်တွေရော အားလုံးပေါင်း ၅၀ကျော်လောက်ရှိမယ်။ စစ်တပ်က ဖမ်းသွားတာ။ ဖမ်းထားတဲ့လူတွေ ‌ ဘယ်လင်းသွားတဲ့လမ်းဘက်က စွန်ရဲ တောင်‌တွေ တစ်နေရာစီ ခွဲထားတယ်။ ထုတ်လို့လည်းမရ၊ တွေ့လို့လည်းမရဘူး။ စစ်မှုထမ်း စုဆောင်းရေး ပို့မှာတဲ့” ဟု ဖမ်းဆီးခံရသူ လူငယ်တစ်ဦး၏ ဆွေမျိုးတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ထို့ပြင် စက်တင်ဘာလ ၂၈ ရက်နေ့ နံနက် ၈ နာရီခွဲအချိန် စစ်ကိုင်းတိုင်း ရွှေဘိုမြို့၊ အောင်ချမ်းသာရပ်ကွက်၊ အောင်ချမ်းသာစျေးမှ စျေးရောင်းစျေးဝယ်လုပ်နေကြသည့် ပြည်သူများ၊ လက်ဖက်ရည်ဆိုင် ထိုင်နေကြသည့် ပြည်သူ ၃၀ ဦးဝန်းကျင်ကို စစ်တပ်က ဖမ်းဆီးသွားကြောင်း၊ ငွေဖြင့်ပြန်လာရွေးရန် ပြောဆိုပြီး လာမရွေးနိုင်သူများကို စစ်တပ်အတွင်းသို့ ပို့ဆောင်မည်ဟု စစ်တပ်က ပြောဆိုကြောင်း သိရှိရသည်။

“ရွှေဘိုမြို့အောင်ချမ်းသာစျေးက ကျေးရွာတွေကနေ အများဆုံး လာရောက်ရောင်းချဝယ်ယူနေတဲ့ မနက်ခင်းမှာ ဝင်ဖမ်းတယ်။ နောက်ပြီး မြို့ပေါ်တက်လာတဲ့ ပြည်သူတွေကို အုပ်ချုပ်ရေးမှူးထောက်ခံစာ၊ မှတ်ပုံတင်၊ ယဥ်လိုင်စင်၊ လူလိုင်စဥ်တွေစစ်တယ်။ မှတ်ပုံတင်မပါရင် ဒဏ်ငွေ ၅သောင်း၊ ယဥ်လိုင်စင်မပါရင် ငွေ ၁သိန်း ချက်ချင်းတောင်းတယ်။ စစ်တပ်က။ ဒီနေ့မှာ ချီပါရွာက သားအမိ ၂ ဦး၊ ဘိုတည်ကုန်းရွာက လင်မယား၂ဦးနဲ့ အခြားအမည်မသိသူ ၂ ဦးကိုလည်း ဖမ်းဆီးတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- စစ်မှုထမ်းအပတ်စဉ် ၅ အတွက် စစ်တပ်က အတင်းအဓမ္မ စုဆောင်းခဲ့သော လူငယ်များ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article