ရန်ကုန်လေဆိပ်တွင် အလည်နိုင်ငံကူးလက်မှတ် PV ၊ အလုပ်နိုင်ငံကူးလက် မှတ် PJ ဖြင့် ပြည်ပထွက်ခွာသူများအားလုံးကို အလွန်တင်းကျပ်စွာ စစ်ဆေးနေပြီး လေဆိပ်မှ လှည့်ပြန်ခိုင်းခံရသူ အရေအတွက် ပိုမိုများပြားလာ
ရန်ကုန်၊ အောက်တိုဘာ ၆
အကြမ်းဖက်စစ်ကောင်စီက ပြည်ပနိုင်ငံများသို့ PV ဖြင့် အလုပ်သွားရောက်လုပ်ကိုင်မှုများကို ခွင့်မပြုဟု အကြိမ်ကြိမ် ကြေ ညာပြီးနောက် ရန်ကုန်လေ ဆိပ်တွင် အလည်အပတ်နိုင်ငံကူးလက်မှတ်PV ၊ အလုပ်အကိုင်နိုင်ငံကူးလက်မှတ် PJ ဖြင့် ပြည်ပထွက်ခွာသူများအားလုံးကို တင်းကျပ်စွာ စစ်ဆေးနေပြီး လေဆိပ်မှ ထွက်ခွာခွင့်မပြုဘဲ လှည့်ပြန်ခိုင်းခံရသူ အရေအတွက်လည်း ပိုမိုများပြားလာနေကြောင်း ပြည်ပသို့ သွားရောက်ရန်ကြိုးစားသူများနှင့် ပြည်ပခရီးသွား အေဂျင်စီများထံမှ သိရှိရသည်။
ဩဂုတ်လ ၁၅ ရက်နေ့၊ အောက်တိုဘာလ ၃ ရက်နေ့မှစ၍ နေ့စဉ်တိုင်း စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းစာများတွင် နိုင်ငံကူးလက်မှတ် Passport For Visit- PV ဖြင့် ပြည်အလုပ်အကိုင်အတွက် လေကြောင်းခရီးဖြင့် ပြည်ပထွက်ခွာရန် ဆောင်ရွက်လျက်ရှိကြသဖြင့် သက်ဆိုင်ရာက လေဆိပ်တွင် စိစစ်သည့်အခါ သတ်မှတ်ချက်များနှင့်မကိုက်ညီသည့်အတွက် ပြည်ပသို့ ထွက်ခွာခွင့် မရခြင်းများကြောင့် စရိတ်များဆုံးရှုံးရသည့် ဖြစ်စဉ်များ ဖြစ်ပေါ်လျက်ရှိကြောင်း ၊ပြည်ပတွင် သွားရောက်အလုပ်အကိုင်မည့်သူများအနေဖြင့် ဥပဒေနှင့်အညီ မှတ်ပုံတင်ခြင်း၊ ပြည်ပအလုပ်အကိုင် အတွက် နိုင်ငံကူးလက်မှတ် Passport for Job-PJ လျှောက်ထားရယူခြင်း၊ ပြည်ပအလုပ်အကိုင် အလုပ်သမားသက် သေခံကတ် OWIC လျှောက်ထားရမည်ဖြစ်ကြောင်း၊ ထိုသို့မဆောင်ရွက်လျှင် လေဆိပ်တွင် တားဆီးခံရမည်ဖြစ်ကြောင်း စစ်ကောင်စီက ကြေညာလျက်ရှိသည်။
“ကျနော်က ဘန်ကောက်ကို အလုပ်ကိစ္စ ခဏခဏသွားရပါတယ်။ Passport ထဲမှာလည်း ထိုင်းအဝင်အထွက်တုံးတွေ အများကြီး ပါ။ မနေ့က ဘန်ကောက်ကို စီးပွားရေး အလုပ်ကိစ္စသွားဖို့ကို ဟိုဘက်မှာ သွားတွေ့မယ့် စီးပွားရေး ကုမ္ပဏီရဲ့ ထောက်ခံချက် ပြခိုင်းပါတယ်။ အဲဒီလိုကြီး မရနိုင်ဘူးလို့ ပြောတော့ သွားခွင့်မရပါဘူး။ ပြန်လာရပါတယ်” ဟု ဘန်ကောက်သို့ မကြာ ခဏ သွားရောက်လေ့ရှိသည့် IT နည်းပညာဆိုင်ရာ စီးပွားရေးလုပ်ကိုင်သူက ရှင်းပြသည်။
ထို့ပြင် ယခုကာလအတွင်း ဒူဘိုင်းနှင့်အရှေ့အလယ်ပိုင်းဒေသသို့ PV နိုင်ငံကူးလက်မှတ်ဖြင့် သွားရောက်ရန် အများစုမှာ သွားခွင့်မရဘဲ လေဆိပ်မှပင် လှည့်ပြန်ရကြောင်း သိရှိရသည်။
“ဒူဘိုင်းနဲ့ အရှေ့အလယ်ပိုင်းကတော့ ဘယ်သူမှ ထွက်ခွင့်မရဘူး။ အဆိုးဆုံးကတော့ အခုမှ ပထမဆုံးအကြိမ် ပြည်ပထွက်မယ့်သူတွေက ဒူဘိုင်းဘက်ကို လုံး၀ကို ပေးမထွက်တာ။ ၂ ကြိမ်ရှိပြီ ထွက်ဖို့ လုပ်တိုင်း အငြင်းခံရတာ။ ပထမအကြိမ် အငြင်းခံရလို့ ဒုတိယအကြိမ် အေးဂျင့်တွေကတော့ VIP Service ချိတ်ပေးမယ်ဆိုပြီး ငွေ သိန်း ၃၀ တောင်းတယ်။ အဲဒါပေးပေမယ့်လည်း ဒုတိယအကြိမ်လည်း ထွက်မရဘူး။ ငွေ သိန်း ၃၀ လည်း ပြန်မရဘူး။ VIP Service ပေးထားတဲ့ ပိုက်ဆံပြန်တောင်း တော့လည်း ပြန်မပေးဘူး” ဟု ဒူဘိုင်းရှိ ဟိုတယ်လုပ်ငန်းသို့ PV နိုင်ငံကူးလက်မှတ်ဖြင့် သွားရောက်အလုပ်လုပ်ကိုင်ရန် ကြိုးပမ်းခဲ့သူ အသက် ၃၀ ကျော်အရွယ် အမျိုးသားက ရှင်းပြသည်။
ထို့အတူပင် ဘန်ကောက်တွင် ဆေးဝါးကုသရန် သွားရောက်သူများကိုလည်း ဆရာဝန်နှင့်ဆေးရုံထောက်ခံချက်ပါပါက တစ်ဦးတည်းသာ သွားရောက်ခွင့်ပေးပြီး အဖော်လိုက်သူများကို လေဆိပ်မှ ထွက်ခွင့်မပြုကြောင်း သိရှိရသည်။
” ကလေးသွား မွေးဖို့ ဘန်ကောက်မှာ ကိုယ်ဝန်အပ်ထားလို့ သွားမှာကို အဖော်သူငယ်ချင်း ခေါ်လာတာကို သူ့ကို လေယာဉ်ပေါ် တက်ခွင့်မပေးဘူး။ ညီမကတော့ ဆေးရုံကော OG ထောက်ခံချက်ရော အထောက်အထား အကုန်စုံတော့ ပေးသွားတယ်။ ညီမသူငယ်ချင်း အဖော်လိုက်မယ့်သူကိုတော့ လေယာဉ်ပေါ် ပေးမတက်ဘူး။ ဘာလို့လဲလို့ မေးတော့ ဘာမှအဖြေ ပြန်မပေးဘူး ဆေးသွားကုမယ့် သူတစ်ဦးတည်းပဲ သွားခွင့်ပြုတယ်” ဟု ဘန်ကောက်တွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံမှ ကိုယ်ဝန်ဆောင်အမျိုးသမီးက ဆိုသည်။
ထူးခြားချက်အနေဖြင့် ၂၀၁၃ နောက်ပိုင်း အစိုးရဝန်ထမ်းအဖြစ်မှ နုတ်ထွက်ထား သူများကိုပါ ရန်ကုန်လေဆိပ်မှ ထွက်ခွင့်မပေးတော့ကြောင်း၊ အစိုးရဝန်ထမ်းအဖြစ်မှ နုတ်ထွက်ပြီးဖြစ်၍ နိုင်ငံကူးလက်မှတ်ရရှိခဲ့သည့်တိုင် ရန်ကုန်လေဆိပ်မှ အကြောင်းပြချက် တစ်စုံတစ်ရာမရှိဘဲ အစိုးရဝန်ထမ်းဟောင်းများကိုလည်း ပြည်ပထွက်ခွင့် ပိတ်ပင်ထား ကြောင်း သိရှိရသည်။
စစ်တပ်က အာဏာသိမ်းထားသည့် ၂၀၂၂ ခုနှစ်မှ ၂၀၂၄ ခုနှစ် ဇူလိုင်လအထိ ၂ နှစ်ကျော်ကာလအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြည်ပထွက်ခွာသူ ၂ သန်းကျော် ရှိကြောင်း၊ ပညာသင်၊ ဆေးကု၊ ဘုရားဖူး၊ ခရီးသွား၊ အလုပ်၊ အခြားကိစ္စရပ်များဖြင့် ပြည်ပသို့ ထွက်ခွာကြခြင်းဖြစ်ကြောင်း၊ ပြည်ပထွက်ခွာမှုမှာ ၂၀၂၂ ခုနှစ်တွင် ၅၇၀၀၀၀ ကျော်၊ ၂၀၂၃ ခုနှစ်တွင် ၁ သန်းနီးပါးအထိ မြင့်တက်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်အထိ ၇ သိန်းကျော်ရှိနေကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
ဓာတ်ပုံ- ရန်ကုန်လေဆိပ်တွင် အလုပ်အကိုင် PJ နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပ ထွက်ခွာရန် ပြင်ဆင်နေကြသည့် အမျိုးသမီးများကို ယခုရက်ပိုင်းအတွင်း မြင်တွေ့ရစဉ်။