ပုလော၊ တောင်ယာကမ်းရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ရွှေ၊ငွေ အပါအဝင် အဖိုးတန်ပစ္စည်းများ၊ ဆိုင်ကယ်များကို လုယက်ကာ ကလေးနှင့်အမျိုးသမီး ၂၀ ဦးနှင့် အမျိုးသား ၅ ဦးကို ဖမ်းဆီး
ရန်ကုန်၊ အောက်တိုဘာ ၆
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ တောင်ယာကမ်းကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ရွှေ၊ငွေ အပါအဝင် အဖိုးတန်ပစ္စည်းများ၊ ဆိုင်ကယ်များကို လုယက်ကာ အမျိုးသမီး၊ကလေးနှင့် ရွာသားအများအပြားကို ဖမ်းဆီးထားကြောင်း ထွက်ပြေး
လွတ်မြောက်လာသော ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အောက်တိုဘာလ ၄ ရက်နေ့ နံနက် ၆ နာရီအချိန် အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ပြင်ကြီးကျေးရွာမှ တောင်ယာကမ်းကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာကြောင်း၊ ယင်းနောက် ကျေးရွာအတွင်းသို့ ဝင်ရောက်စီးနင်းပြီး ရွှေ၊ ငွေနှင့် ဆိုင်ကယ်များကို ခိုးယူလုယက်ကြောင်း၊ ထို့ပြင် အမျိုးသမီးများ၊ ကလေးများ၊ နှင့် ရွာသား အများအပြားကိုလည်း ဖမ်းဆီးသွားကြောင်း သိရှိရသည်။
“ကျနော်တို့ တောင်ယာကမ်းကျေးရွာဆိုတာ ပုလောမြို့နယ်မှာ တစ်ခုတည်းသော ဓနိသကြားနဲ့ မြန်မာ့ရိုးရာ ရွှံ့အိုးတွေ ထုတ်လုပ်တဲ့ရွာဖြစ်ပါတယ်။ အောက်တိုဘာလ ၄ ရက်နေ့ မနက် ၆ နာရီခန့်မှာ တောင်ယာကမ်းကျေးရွာကို စစ်ပြင်ကြီးရွာကနေ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်က ဝင်ရောက်စီးနင်းပါတယ်။ ဆိုင်ကယ် ၂၅ စီးလောက် လုယက်ခံရပါတယ်။ နေအိမ်တွေကို ဝင်ဖောက်ပြီး ရွှေနဲ့ ပိုက်ဆံတွေ၊ ဖုန်းတွေ အလုခံရပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
စစ်တပ်က ကျေးရွာအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်ချိန် ရွာသားအများစု ရှောင်တိမ်းနိုင်ခဲ့သော်လည်း မတိမ်းရှောင်နိုင်သော ကလေးနှင့်အမျိုးသမီး ၂၀ ဦးခန့် ၊ အမျိုးသား ၅ ဦးကို စစ်တပ်က ဖမ်းဆီးသွားခဲ့ကြောင်း ၊ လက်ရှိတွင် တောင်ယာကမ်း ကျေးရွာတစ်ခုလုံး ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
“အရင်တပတ်ခန့်ကလည်း တောင်ယာကမ်း ဘုန်းတော်ကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်တပ်က ဆေးလာပို့တဲ့ ပုလောမြို့က လူတစ်ဦးကို ပစ်သတ်လိုက်သေးတယ်။ လက်ရှိအချိန်မှာ တောင်ယာကမ်း တရွာလုံး ပြေးလွှား ရှောင်ရှားနေရတယ်။ စစ် ကောင်စီ တပ်တွေက တောင်ယာကမ်း ကျေးရွာ အုပ်စု စစ်ပြင်ကြီး ရွာမှာ တပ်စွဲထားပြီး နီးစပ်ရာ ရွာတွေကို ဒုက္ခပေးနေပါတယ်” ဟု ဒေသပြည်သူကပြောဆိုသည်။
လတ်တလော တောင်ယာကမ်းကျေးရွာအုပ်စုတွင်ပါဝင်သော လဲကျွန်းဝ၊ စစ်ပြင်ကြီး၊ စပူပြင်၊ သစ်လှတော စသည့်ကျေးရွာ ၁၁ ခုမှ ပြည်သူများ အားလုံး နေအိမ်များ စွန့်ခွာ ထွက်ပြေးနေရကြောင်း သိရှိရသည်။
Photo – အကြမ်းဖက် စစ်ကောင်စီတပ်က ပြည်သူတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်နေစဉ်။ (ပုံအဟောင်းဖြစ်သည်)