ဘုတလင်မြို့နယ်တွင် ပြည်သူပိုင် နေအိမ်များကို မီးရှို့ပြီး ပြည်သူများကို ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း တော်လှန် ရေး တပ်ဖွဲ့များ အရှင် ဖမ်းမိခဲ့သည့် ဗိုလ်ကြီး အောင်ကျော်ဇင် ဝန်ခံ ပြောဆို
ရန်ကုန်၊ အောက်တိုဘာ ၆
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် ပြည်သူပိုင် နေအိမ်များကို မီးရှို့ပြီး ပြည်သူများကို ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း တော်လှန်ရေး တပ်ဖွဲ့များ အရှင် ဖမ်းမိခဲ့သည့် ဗိုလ်ကြီး အောင်ကျော်ဇင် ဝန်ခံ ပြောဆိုခဲ့သော ရုပ်သံဖိုင်ကို ယနေ့ အောက်တိုဘာလ ၆ ရက်နေ့တွင် မုံရွာခရိုင်အမှတ် ၂၀ တပ်ရင်း – Battalion of Budalin-BOB က ထုတ်ပြန်လိုက်သည်။
စက်တင်ဘာလ ၃၀ ရက်နေ့က ဘုတလင်မြို့နယ်၊ ကူတော်ရဲစခန်းမှ ဘုတလင်မြို့သို့ ပြန်လာသည့် ခမရ ၁၀၆ မှ ဗိုလ်မှူးကျော်တင့် ဦးဆောင်သော ခမရ (၁၀၆၊ ၃၀၉၊ ၁၆) ၊ ခလရ ၂၂၉၊ နမခ တိုင်း လက် အောက်ခံ ပူးပေါင်းအင်အား ၈၅ ဦးပါ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက် ချေမှုန်းခဲ့ရာ အကြမ်းဖက်စစ်သား ၃၃ ဦးသေဆုံးပြီး ဗိုလ်ကြီး ၂ ဦးပါ စစ်သုံ့ပန်း ၄၃ ဦးလက်နက်မျိုးစုံ (၅၆) လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရ သည်။
ထို ဖမ်းဆီးခံရသူများထဲတွင် ဗိုလ်ကြီး အောင်ကျော်ဇင် လည်းပါဝင်ပြီး ၎င်းစစ်ကြောင်းသည် ကူတော်ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်ခဲ့သဖြင့် စစ်ကူလာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ စစ်ကူလာရောက်စဉ် ကျွန်သေချောင်းကျေးရွာမှ ပြည်သူ ၁ ဦး၊ ကတိုးကျေးရွာမှ အသက် ၇၀ ကျော် အမျိုးသား ၁ ဦးနှင့် ပကဖ အဖွဲ့ဝင် နှစ်ဦး တို့ကို ပစ်ခတ် သတ်ဖြတ်ခဲ့ပြီး ကတိုးရွာမှ နေအိမ် ၂၀ ဝန်းကျင်ကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်ကတော့ ကူတော်ရွာမှာ ရွာတွင်းရှင်းလင်းတဲ့အချိန်မှာလည်း အပြစ်မဲ့အရပ်သားပြည်သူတွေကိုသတ်ဖြတ်ခဲ့ပါတယ် ။ ပြီးတော့အပြစ်မဲ့ ပြည်သူ့အိမ်တွေကိုလည်းမီးရှို့ဖျက်ဆီးခဲ့ပါတယ် ။ အရာတော်ကို လမ်းကြောင်းသွားတဲ့အချိန်မှာလည်း အပြစ်မဲ့ပြည်သူအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပါ တယ် ။ဒီအတွက် ကျွန်တောမှာအပစ်ရှိကြောင်းဝန်ခံပါတယ် ။ ဒီအတွက် အများပြည်သူများအနေဖြင့် ကျနော်အပေါ်နားလည်ခွင့်လွှတ်ပေးဖို့ မေတ္တာရပ်ခံတောင်းပန်အပ်ပါတယ်” ဟု ဗိုလ်ကြီးအောင် ကျော်ဇင်က ပြောကြားထားသည်။
ယင်းတိုက်ပွဲအတွင်း ဖမ်းဆီး ရမိတဲ့ စစ်သုံ့ပန်းများကို စစ်စည်းကမ်း ဥပဒေ နှင့်အညီ လူသားဆန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားပြီး စစ်သုံ့ပန်းများ အနေဖြင့်လည်း အမှားကိုသိ၍ ပြည်သူများကို ကနဦး တောင်းပန်စကားပြောကြားခဲ့ကြောင်း မုံရွာခရိုင်အမှတ် ၂၀ တပ်ရင်း – Battalion of Budalin-BOB ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ယခင်က အများပြည်သူအပေါ် ကျွန်တော့အနေနဲ့မှားယွင်းစွာလုပ်ဆောင်ခဲ့မိတဲ့ ၊ပြောဆိုဆက်ဆံမိခဲ့ တာ တွေကို နောက်နောင်မှာမလုပ်တော့ပါဘူးလို့ ဝန်ခံကတိပြုအပ်ပါတယ် “ဟု ဗိုလ်ကြီးအောင်ကျော်ဇင်က ဆက်ပြောကြားသည်။