27 C
Yangon

ဒိုက်ဦးမြို့နယ်တွင် အသက် ၁၅ နှစ်အရွယ် မောင်ဝင်းကိုမြင့်ကို စစ်သားအမျိုး၏ မိုဘိုင်းလ်ဖုန်း ခိုးယူသည်ဟုဆိုကာ ခမရ ၄၄၀ တပ်မှ စစ်သားများနှင့်ရဲများက ရိုက်နှက်သတ်ဖြတ်

Must read

ဒိုက်ဦးမြို့နယ်တွင် အသက် ၁၅ နှစ်အရွယ် မောင်ဝင်းကိုမြင့်ကို စစ်သားအမျိုး၏ မိုဘိုင်းလ်ဖုန်း ခိုးယူသည်ဟုဆိုကာ ခမရ ၄၄၀ တပ်မှ စစ်သားများနှင့်ရဲများက ရိုက်နှက်သတ်ဖြတ်

ရန်ကုန်၊ အောက်တိုဘာ ၁၃

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်တွင် အသက် ၁၅ နှစ်အရွယ် မောင်ဝင်းကိုမြင့်ကို စစ်သားအမျိုး၏ မိုဘိုင်းလ်ဖုန်း ခိုးယူသည်ဟုဆိုကာ ခမရ ၄၄၀ တပ်မှ စစ်သားများနှင့်ရဲများက ရိုက်နှက်သတ်ဖြတ်လိုက်ကြောင်း သတ်ဖြတ်ခံရသော မောင်ဝင်းကိုမြင့်မိသားစု၏ မိတ်ဆွေများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့​ ပြောဆိုသည်။

အောက်တိုဘာ ၅ ရက်နေ့ ည ၉ နာရီအချိန် ဒိုက်ဦးမြို့ ခမရ ၄၄၀ တပ်မှ စစ် သား ၁ ဦး၏ ညီမ ကိုင်ဆောင်သော မိုဘိုင်းလ်ဖုန်းကို အသက် ၁၅ နှစ်အရွယ် မောင်ဝင်းကိုမြင့်က ခိုးယူသည်ဟုဆိုကာ စစ်တပ်နှင့်ရဲက ဖမ်းဆီးခဲ့ကြောင်း၊ ယင်းနောက် စစ်သားနှင့်ရဲများက မောင်ဝင်းကိုမြင့်ကို ရိုက်နှက် ခေါ်ဆောင်သွားခဲ့ကြောင်း၊ ဒိုက်ဦးရဲစခန်းတွင်လည်း ထပ်မံ၍ မောင်ဝင်းကိုမြင့်ကို ရိုက်နှက်ရာမှ အောက်တိုဘာလ ၆ ရက်နေ့ နံနက် ၄ နာရီအချိန်တွင် မောင်ဝင်းကိုမြင့်သည် ရိုက်နှက်ခံရသော ဒဏ်ရာများစွာဖြင့် သ်ဆုံးခဲ့ကြောင်း သိရှိရသည်။

” ဒိုက်ဦးဆေးရုံမှာ ခမရ ၄၄၀ တပ်က စစ်သားရဲ့ ညီမဖုန်းကို မောင်ဝင်းကိုမြင့်က ခိုးတယ်ဆိုပြီး ရဲနဲ့စစ်သားက ဖမ်းတယ်။ အဲဒါ အဲဒီကလေးက ဖုန်းကို ဒိုက်ဦးပြည်သူ့ဆေးရုံ၊ရင်ခွဲရုံနားမှာ လွှင့်ပစ်ခဲ့တယ်ပြောလို့ အဲဒီမှာ သွားရှာကြတယ်။ ဖုန်းကို မတွေ့တော့ ရင်ခွဲရုံဘေး ဂဝံလမ်းပေါ်မှာ မောင်ဝင်းကိုမြင့်ကို ဒူးထောက်ထိုင်ခိုင်းပြီး သစ်သားတုတ်နဲ့ အချက်ပေါင်းများစွာ ရိုက်တယ်။ အဲဒီနောက် ဒိုက်ဦးရဲစခန်းခေါ်သွားပြီး ထပ်ရိုက်တယ်။ ကလေးက သေလုမျောပါးဖြစ်တော့မှ ဖုန်းရောင်းတဲ့ဘောင်ချာ အဖေ့ဆီမှာဆိုပြီး ပြောတော့ အဖေကိုပါ ရဲစခန်းက ထပ်ခေါ်ပြီး ရိုက်တယ်။ မောင်ဝင်းကိုမြင့်ဆိုတဲ့ကလေးက သွေးအိုင်ထဲကနေ အဖေရေကယ်ပါဦးဆိုပြီး အော်ပြီး အောက်တိုဘာလ ၆ ရက်နေ့ မနက် ၄ နာရီမှာ ဆုံးသွားတယ်” ဟု မောင်ဝင်းကိုမြင့်၏ မိသားစုနှင့်နီးစပ်သူက ရှင်းပြသည်။

အသက် ၁၅ နှစ်အရွယ် မောင်ဝင်းကိုမြင့် သေဆုံးသောအခါ ဒိုက်ဦးရဲစခန်းက သေမှုသေခင်းဖွင့်လှစ်ပြီး “အသက် ၁၉ နှစ်အရွယ် မောင်ဝင်းကိုမြင့် အစာအိမ် သွေးကြောပေါက်၍ သေဆုံးသည်”ဟု ဆေးစာတွင် ဖော်ပြရေးသားခိုင်းကြောင်း၊ ဖခင်ဖြစ်သူကိုလည်း သတင်းမပေါက်ကြားစေရန်၊ ပေါက်ကြားပါက ဖခင် ဖြစ်သူကိုပါ သတ်ဖြတ်မည်ဟု စစ်တပ်က ခြိမ်းခြောက်ကြောင်း၊ လျှော်ကြေးအဖြစ် ငွေကျပ် ၂ သိန်းပေးအပ်ကြောင်း သိရှိရသည်။

“မောင်ဝင်းကိုမြင့်ရဲ့ အ‌ဖေဖြစ်သူကို စစ်သားနဲ့ရဲက မင်းသား အသက်ကို ၁၉ နှစ်လို့ပြော၊အစာအိမ်သွေးကြောပေါက်လို့ သေသွားတယ်လို့ပြောဆိုပြီး သူတို့လိုချင်ရာ အချက်တွေ‌ထည့်ရေးထားတဲ့ စာရွက်မှာ လက်မှတ်ထိုးခိုင်းတယ်။ ငွေ ၂ သိန်းပေးပြီးတော့ ဒီသတင်းကို အပြင်မှာပေါက်ကြားရင် မင်းကိုပါလာပစ်သတ်မယ်ဆိုပြီး အဖေဖြစ်သူကို ခြိမ်းခြောက်တယ်။ အောက်တိုဘာလ ၆ ရက်နေ့ မနက်၅ နာရီမှာ ဒိုက်ဦးရဲစခန်းကနေ အလောင်းကို ဆေးရုံသို့သယ်သွားပြီး စစ်သားနှင့်ရဲတွေက ဒိုက်ဦးပြည်သူ့ဆေးရုံမှာ သေမှုသေခင်း ဆေးစာရေးခိုင်းခဲ့ပါတယ်။ သေဆုံးသူ ကလေးရဲ့ အလောင်းကို ချက်ချင်းချခိုင်းတယ်။ အခေါင်းကို မျက်နှာပဲကြည့်လို့ရအောင် အသေရိုက်ထားပြီး အလောင်းမှာ မျက်စိတစ်ဖက်ထွက်၊ နားအုံကွဲကာ မေးရိုးပါကျိုးနေတယ်” ဟု သတ်ဖြတ်ခံရသော မောင်ဝင်းကိုမြင့်မိသားစုနှင့်နီးစပ်သူက ရှင်းပြသည်။

မောင်ဝင်းကိုမြင့် သေဆုံးမှုကို လက်ရှိတွင် ဒိုက်ဦးရဲစခန်းက သေမှုသေခင်းဖွင့်လှစ်ကာ ရောဂါဖြင့် သေဆုံးသည်ဟု မှတ်တမ်းရေးသွင်း၍ အမှုပိတ်လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ဒိုက်ဦးမြို့ပေါ်တွင် လှည့်လည်နေသည့် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံရဲများ။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article