29 C
Yangon

ဘုတလင်မြို့နယ်၊ စီပါကျေးရွာကို စစ်တပ်က ထပ်မံမီးရှို့ဖျက်ဆီးပြီး အရပ်သား ၃ ဦးကို ဖမ်းဆီးထား၊ ပြည်သူ ၂၀၀၀ ကျော် ထွက်ပြေးနေရပြီး စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေ

Must read

ဘုတလင်မြို့နယ်၊ စီပါကျေးရွာကို စစ်တပ်က ထပ်မံမီးရှို့ဖျက်ဆီးပြီး အရပ်သား ၃ ဦးကို ဖမ်းဆီးထား၊ ပြည်သူ ၂၀၀၀ ကျော် ထွက်ပြေးနေရပြီး စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေ

ရန်ကုန်၊ အောက်တိုဘာ ၁၈

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် စီပါကျေးရွာကို စစ်တပ်က ထပ်မံမီးရှို့ဖျက်ဆီးနေပြီး အရပ်သား ၃ ဦးကိုပါ ဖမ်းဆီးထားကြောင်း ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရပ်ကျေးအဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စစ်တပ်စစ်ကြောင်းက အောက်တိုဘာလ ၁၇ ရက်နေ့ နံနက် ၉ နာရီအချိန်မှစတင်၍ ဘုတလင်မြို့နယ်၊ စီပါကျေးရွာအတွင်းတွင် ဝင်ရောက်တပ်စွဲ၍ ကျေးရွာကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ပြီး ယနေ့နံနက်ပိုင်းတွင်လည်း စီပါကျေးရွာ၏ အနောက်တောင်ပိုင်းရှိ နေအိမ်များကို ထပ်မံ မီးရှို့ဖျက်ဆီးနေကြောင်း၊ ထို့ပြင် အရပ်သား ပြည်သူ ၃ ဦးကို ဖမ်းဆီးထားကြောင်း သိရှိရသည်။

“အောက်တိုဘာ ၁၇ ရက်နေ့မှာ ရွာထဲဝင်လာပြီး တပ်စွဲပြီးကျေးရွာမှာရှိတဲ့ ပစ္စည်းတွေကို လုယက်ပြီး မီးတင်ရှိုနေ့တာ။ ဒီနေ့မနက်ပိုင်းမှာလည်း ရွာရဲ့ အနောက်တောင်ပိုင်းကို ထပ်ပြီး မီးရှို့နေပါတယ်။ အခုအထိ ရွာထဲ မထွက်သေးဘူး။ စီပါကျေးရွာမှာ အိမ်ခြေ ၅၀၀ ခန့်ရှိပြီး လူဦးရေ ၂၀၀၀ ကျော်ရှိပါတယ်။ လောလောဆယ် ပြည်သူ ၃ ဦးလည်း အဖမ်းခံထားရတယ်။ ပြည်သူတွေအားလုံးလည်း စစ်ဘေးရှောင်နေရတယ်။ ဘုတလင်မှာ တိုက်ပွဲ တွေဖြစ်တဲ့ စက်တင်ဘာလ ၃၀ ရက်နေ့ကတည်းက ကျနော်တို့ စီပါကျေးရွာက ပြည်သူတွေ စစ်ဘေးရှောင်နေရတာ။ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အရေးပေါ်လိုအပ်နေပါတယ်” ဟု ရပ်/ကျေးပကဖအဖွဲ့ဝင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စီပါကျေးရွာကို မီးတင်ရှို့နေသော စစ်တပ်စစ်ကြောင်းမှာ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ စစ်ကြောင်းထိုးလာသော စစ်ကြောင်းဖြစ်ကြောင်း ၊ ထိုစစ်တပ်စစ်ကြောင်းသည် ဘုတလင်မြို့နယ်၊ မြောက်ကျီရွာနှင့် တက်လှိုင်းကျေးရွာတွင် တပ်စွဲခဲ့ပြီးနောက် စီပါကျေးရွာဘက်သို့ စစ်ကြောင်းထိုးကာ ကျေးရွာကို မီးရှို့ ဖျက်ဆီးခြင်းဖြစ်ကြောင်း သိရှိရသည်။

“အခု ရွာကို မီးရှို့နေတဲ့ အဲဒီစစ်ကြောင်းက နမခကထွက်လာတဲ့ လူသတ်၊မုဒိမ်းကျင့်၊မီးရှို့စစ်ကြောင်းပါ။ နောက်ထပ် ဘယ်ရွာတွေ ဖျက်ဆီးခံရမလဲ၊ ပြည်သူတွေ ဘယ်လောက်ဖမ်းဆီးသတ်ဖြတ်ခံရမလဲ မသိ‌သေးဘူး ။ စက်တင်ဘာလ ၃၀ ရက်နေ့ စစ်တပ်စစ်ကြောင်းတစ်ခုလုံး ကျဆုံးသွားပြီးတဲ့နောက်မှာ စစ်တပ်က ရွာတွေလှည့် ဖမ်းဆီး သတ်ဖြတ်မှုတွေ လုပ်နေတာပါ” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဘုတလင်မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့များက အရပ်သားပြည်သူ ၁၄ ဦးထက်မနည်းကိုသတ်ဖြတ်ခဲ့ပြီး ဓားစားခံပြည်သူ ၁၀၀ ဦး၀န်းကျင်ကို ဖမ်းဆီးထားကြောင်း သိရှိရသည်။

ဓာတ်ပုံ- အောက်တိုဘာလ ၁၇ ရက်နေ့ ဘုတလင်မြို့နယ်၊ စီပါကျေးရွာကို စစ်တပ်က မီးတင်ရှို့ ဖျက်ဆီးနေစဉ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article