31 C
Yangon

စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများကို မြန်မာနိုင်ငံမှ ပြည်တွင်းဥပဒေဖြင့် အရေးမယူနိုင်၍ နိုင်ငံတကာရာဇဝတ်ခုံရုံး ICC သို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက လွှဲပြောင်းပေးရန် သံအမတ်ကြီး ဦးကျော်မိုးထွန်း ထပ်မံတောင်းဆို

Must read

စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများကို မြန်မာနိုင်ငံမှ ပြည်တွင်းဥပဒေဖြင့် အရေးမယူနိုင်၍ နိုင်ငံတကာရာဇဝတ်ခုံရုံး ICC သို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက လွှဲပြောင်းပေးရန် သံအမတ်ကြီး ဦးကျော်မိုးထွန်း ထပ်မံတောင်းဆို

ရန်ကုန်၊ အောက်တိုဘာ ၁၉

အကြမ်းဖက်စစ်ကောင်စီက ကျူးလွန်ထားသော ရာဇဝတ်မှုများကို မြန်မာနိုင်ငံရှိ ပြည်တွင်းဥပဒေဖြင့် ပြစ်ဒဏ်ကျခံစေရန် လုံးဝစွမ်း ဆောင်နိုင်ခြင်း မရှိ၍ နိုင်ငံတကာရာဇဝတ်ခုံရုံး ICC သို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက လွှဲပြောင်းပေးရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ် စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက ထပ်မံတောင်းဆိုလိုက်သည်။

အောက်တိုဘာလ ၁၆ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ပြုလုပ်သည့် ၇၉ ကြိမ်မြောက် ကုလ သမဂ္ဂ အထွေထွေညီလာခံ၊ ဆဋ္ဌမကော်မတီ အစည်း အဝေး ၏ အစီအစဉ်အမှတ် ၈၅ – ” ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် အခြေခံမူ၏ နယ် ပယ်နှင့် အသုံးချမှု ” အထွေထွေဆွေးနွေးမှု နှင့် လူမှုရေး၊ လူသားချင်းစာနာမှုနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မ တီ (တတိယကော်မတီ) တွင် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးနှင့် အပြန်အလှန် ဆွေးနွေးမှုအတွင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် စစ်ကောင်စီ က ခန့်အပ်ထားသည့် ပြည်ထောင်စုရှေ့နေချုပ် ဆိုသည့်သူ အပါအဝင် အကြမ်းဖက်စစ်တပ်၏ တရားစီရင်ရေးနှင့် ဥပဒေ ကဏ္ဍကို ဉီးဆောင်နေသူများ ဆိုသည့်သူများကိုယ်တိုင် စစ်တပ်၏ ရာဇဝတ်မှုများတွင် ပါဝင် ပတ်သက်နေကြကြောင်း၊ ၎င်းတို့က စစ်အုပ်စု၏ ဆိုးရွားသော လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်နိုင်စေရန် ဥပဒေများ ပြင်ဆင်ရေးဆွဲ ပေးခဲ့ကြောင်း၊ ၎င်းတို့သည် ထိုသို့ပြင်ဆင်ထားသော ဥပဒေများဖြင့် အရပ်သားပြည်သူများအပေါ် လက်နက် သဖွယ် အသုံးပြုခဲ့ကြောင်း၊ လက်ရှိဖြစ်ပေါ်နေသော အခြေအနေများက မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းဥပဒေ စနစ်ဖြင့် ရာဇဝတ်မှု ကျူးလွန် သူ များအား ထိရောက်စွာ အပြစ်ပေးအရေးယူနိုင်ရန်နှင့် တာဝန် ယူမှု၊ တာဝန်ခံမှုဖြင့် ပြစ်ဒဏ်ကျခံ စေရန် လုံးဝ စွမ်းဆောင်နိုင်ခြင်း မရှိသည်ကို ထင်ရှားစွာ ပြသနေကြောင်း သံအမတ်ကြီးက ပြောသည်။

ထို့ကြောင့် အကြမ်းဖက်စစ်ကောင်စီကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) သို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှတဆင့် လွှဲအပ်တင်သွင်းရန်၊ု အကြမ်းဖက်စစ်ကောင်စီအပေါ် ကမ္ဘာလုံးဆိုင်ရာအဆင့် လက်နက်တင်ပို့ ရောင်း ချမှုနှင့် တိုက်လေယာဉ်ဆီ ထောက်ပံ့မှုအပေါ် အရေးယူပိတ်ဆို့မှုများ ချမှတ်ရန်၊ အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင်များ၏ ရာဇဝတ်မှုများကို တရားစွဲဆိုရန်အတွက် ဆောင်ရွက်နိုင်သော သက်ဆိုင်ရာ နိုင်ငံများ၏ ပြည်တွင်းဥပဒေမူဘောင်များ အတွင်း ကမ္ဘာလုံးဆိုင်ရာ စီရင်ပိုင်ခွင့်ကို ကျင့်သုံးကာ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပေးရန်

ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် နိုင်ငံတကာ အသိုက် အဝန်း အား တောင်းဆိုပါကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုသည်။

ထို့ပြင် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Mr. Volker TÜRK နှင့် အပြန်အလှန် ဆွေးနွေးမှုအတွင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် လက်ရှိအခြေအနေအပြည့်အစုံကို နိုင်ငံတကာရာဇဝတ်ခုံရုံးသို့ လွှဲပြောင်းတင်သွင်းရန် လူ့အခွင့်အရေး မဟာမင်းကြီး၏ တောင်းဆိုမှုကိုလည်း ထပ်ဆင့်တောင်းဆိုကြောင်း၊ မြန်မာပြည်သူများမှ ခါးစည်းခံစားနေရသည့် ဒုက္ခဆင်းရဲများသည် အဆမတန် များပြား ကြောင်း၊ ယခုအခါ မိမိတို့အနေဖြင့် ကုလသမဂ္ဂနှင့် ဒေသတွင်းနိုင်ငံများ အပါအဝင် နိုင်ငံတကာ အသိုက်အဝန်းထံမှ တိကျပြတ်သား သော အရေးယူဆောင်ရွက်ချက်များကို အထူးလိုအပ်ကြောင်း ပြောကြားသည်။

မြန်မာနိုင်ငံမှ ပြည်သူများသည် အကြောက်တရား၊ စိုးရိမ်ကြောင့်ကြမှုများနှင့် ပြည့်နှက်နေသော ပတ်ဝန်းကျင်တွင် နေထိုင်နေရပြီး လေ ကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုများ၊ နေအိမ်များနှင့် ကျေးရွာများကို မီးရှို့ဖျက်ဆီး ခြင်းများ၊ မတရား ဖမ်းဆီးချုပ်နှောင်ခြင်းများ၊ ရက်စက်စွာ သတ်ဖြတ်ခြင်းများနှင့် ညှဉ်းပန်းနှိပ်စက်မှုများ၊ အတင်းအကျပ် တပ်သားစုဆောင်းမှုများ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် အခြားသော ကြီးလေးသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို နေ့စဉ်၊ ညစဉ် ကြုံတွေ့နေရကြောင်း၊ လွတ်လပ်သော မြန်မာစုံစမ်းစစ်ဆေးရေး ယန္တရား အရ စစ်တပ်က ကျူးလွန်နေသည့် ရက်စက်ကြမ်းကြုတ်မှုများသည် စစ်ရာဇဝတ်မှုများ နှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများမြောက်ကြောင်း ၎င်းက သုံးသပ်ပြောကြားသည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် လက်ရှိ အခြေအနေ အပြည့်အစုံကို နိုင်ငံတကာရာဇဝတ်ခုံရုံးသို့ လွှဲပြောင်းတင်သွင်းရန် လူ့အခွင့်အရေး မဟာမင်းကြီး၏ တောင်းဆိုမှုကိုလည်း ထပ်ဆင့်တောင်းဆိုပါကြောင်း၊လက်ရှိတွင် ကုလသမဂ္ဂ၊ အထူးသဖြင့် လုံခြုံရေးကောင်စီထံမှ မြန်မာပြည်သူများ၏ အသက်ကို ကယ်တင်ရန်နှင့် ရက်စက်ကြမ်းကြုတ်မှုများအား ကြိုတင်ကာကွယ်ရန် ခိုင်မာ သည့် အရေးယူ ဆောင်ရွက်ချက်များ မရှိသေးကြောင်း သံအမတ်ကြီးက ထောက်ပြပြောဆိုသွားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article