33 C
Yangon

ကလေးမြို့အကျဉ်းထောင်မှ လွတ်ရက်စေ့၍ လွတ်‌မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားတစ်ဦးကို စစ်တပ်က ဥပဒေမဲ့ ပြန်လည်ဖမ်းဆီး

Must read

ကလေးမြို့အကျဉ်းထောင်မှ လွတ်ရက်စေ့၍ လွတ်‌မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားတစ်ဦးကို စစ်တပ်က ဥပဒေမဲ့ ပြန်လည်ဖမ်းဆီး

ရန်ကုန်၊ အောက်တိုဘာ ၂၀

စစ်ကိုင်းတိုင်း ကလေးမြို့နယ်၊ မော်လိုက်အကျဉ်းထောင်မှ လွတ်ရက်စေ့၍ ပြန် လည်လွတ်‌မြောက်လာသည့် နိုင်ငံရေးအကျဉ်းသား ကိုဇော်မင်းထက်ကို အကြမ်းဖက်စစ်ကောင်စီက စက်တင်ဘာလ ၂၅ ရက်နေ့တွင် ပြန်လည်ဖမ်းဆီးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ကိုဇော်မင်းထက်သည် ကလေးမြို့‌၊ မော်လိုက်အကျဉ်းထောင်တွင် ပုဒ်မ ၅၀၅ ဖြင့် ထောင်ဒဏ်ချခံခဲ့ရပြီးနောက် လွတ်ရက်စေ့၍ ပြန်လည်လွတ်မြောက်လာစဥ် စစ်တပ်၏ ပြန်လည်ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရှိရသည်။

“ဒကစမှူး အောင်နိုင်ဦးက အကျဉ်းထောင်က လွတ်ရက်စေ့လို့ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားအကျဉ်းသူတွေကို စစ်တပ်ဝန်းထဲမှာ ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်ပြီး ငွေငါးသိန်းကနေ သိန်းနှစ်ဆယ်အထိ ငွေညှစ်လေ့ရှိပြီး ပေးနိုင်တဲ့သူမှ ပြန်လွတ်ပေးတာမျိုးလုပ်ဆောင်နေပါတယ်။ ကိုဇော်မင်းထက်ကိုတော့ သူတို့လိုချင်တဲ့ငွေပမာဏ မပေးနိုင်သည့်အတွက် မတရားပုဒ်မတွေ ကပ်ပြီး မြို့မ ရဲစခန်းမှာ လက်ရှိထိ ချုပ်နောင်ခံထားရဆဲဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် မော်လိုက်အကျဉ်းထောင်မှ လွတ်သည့် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူများကိို မိသားစုဝင်များထံ ချက်ခြင်းမပို့ဆောင်ဘဲ ကလေးမြို့မရဲစခန်းနှင့် ကလေးမြို့ရှိ ဒကစမှ အကြမ်းဖက်စစ်သားများပေါင်း၍ ငွေတောင်းခံလေ့ရှိပြီး မပေးနိုင်သူများကို အကြောင်းပြချက် အမျိုးမျိုးဖြင့် ပြန်လည်ဖမ်းဆီးပြီး မတရားပုဒ်မများကပ်၍ အကျဉ်းထောင်သို့ ပြန်လည်ပို့ဆောင်လျက်ရှိကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ထံမှ သိရှိရသည်။

ကိုဇော်မင်းထက်လွတ်သည့်နေ့တွင်လည်း အကျဉ်းထောင်မှတစ်ဆင့် မလွတ်ပေးခဲ့ဘဲ မြို့မရဲစခန်းကို ပို့ဆောင်၍ ချုပ်နှောင်ခဲ့ပြီးနောက် ကလေးမြို့ ဒကစ သို့ ပို့ဆောင်၍ တစ်ပတ်ခန့် ဥပဒေမဲ့ချုပ်နှောင်ခဲ့ကာ ကိုဇော်မင်းထက်ကို ထပ်တိုးပုဒ်မများဖြစ်သည့် မတရားပုဒ်မ ၅၂္-က နှင့် ပုဒ်မ ၅၀-ည တို့ဖြင့် ထပ်မံတရားစွဲဆိုကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားတစ်ဦးကို အပြစ်မရှိဘဲ ပြန်လည် ဖမ်းဆီးခြင်းမှာ ဥပဒေမဲ့လုပ်ရပ်ဖြစ်သည့်အပြင် ငွေကြေးမရ၍ ထပ်မံချုပ်နှောင်ခြင်းမှာ လူသားတစ်ဦး၏ လွတ်လပ်စွာသွားလာခွင့်နှင့် လွတ်လပ်စွာထုတ်ဖော်ခွင့်များကိုပင် အကြောက်တရားများဖြင့် ဖိနှိပ်ခြင်းဖြစ်ကြောင်း၊ လူ့အခွင့်အရေး ဆိုးရွားစွာ ချိုးဖောက်ခံ‌နေရခြင်းပင် ဖြစ်ပြီး ဖမ်းဆီးခံရသူ ကိုဇော်မင်းထက်အား အမြန်ဆုံး မိသားစုထံ ပို့ဆောင်ရန် မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က တောင်းဆိုထားသည်။

“နောက်အမှုကပ်တယ်ဆိုရင်တောင် သူတို့ စတင်ဖမ်းဆီးတဲ့အချိန်မှာ ကပ်လို့ရတယ် တရားစွဲပြီးမှ ထောင်ချလို့ရတယ်။ ဒီလိုအခြေအနေမျိုးမှာ ၅၀၅ နဲ့ လွတ်ရက်စေ့ပြီးကာမှ ထောင်ထဲက လွတ်မောက်လာတဲ့လူကို အခုလိုမျိုး အဓိပ္ပါယ်မရှိတဲ့ အကြောင်းပြချက်တွေနဲ့ နှစ်ရှည်ချလို့ရတဲ့ ပုဒ်မတွေ ကပ်ပြီး ဖမ်းဆီးလိုက်တာဟာ နောက်လွန်လာမယ့် နိုင်ကျဉ်းတွေ ငွေကြေးမပေးနိုင်ရင် အလားတူပုံစံနဲ့ ဖြစ်ရမယ်ဆိုတဲ့ ခြိမ်းခြောက်မှုမျိုး သူတို့ ကိုဇော်မင်းထက်ကို စံပြအနေနဲ့ လုပ်ပြတယ်လို့ ယူဆပါတယ်။ လွတ်ရက်စေ့တဲ့ လူကို မိနစ်တောင်မှ မခြားဘဲ မိသားစုရင်ခွင်ဆီကို အပြည့်အဝပြန်လည်ပို့ပေးရမှာ ဖြစ်ပါတယ်။ ဒါကို အကျဉ်းထောင်လက်စွဲဥပဒေမှာလည်း တရား ဝင်ပြဋ္ဌာန်းထားတာဖြစ်ပါတယ်။ အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုပါတယ်”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article