25 C
Yangon

တောင်ငူ လေတပ်စခန်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှု လေတပ်ဘက်မှ ထိခိုက်မှုရှိ၍ လူနာတင်ကား ၃ စီး ဝင်ရောက်သွား

Must read

တောင်ငူ လေတပ်စခန်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှု လေတပ်ဘက်မှ ထိခိုက်မှုရှိ၍ လူနာတင်ကား ၃ စီး ဝင်ရောက်သွား

ရန်ကုန်၊ အောက်တိုဘာ ၂၁

ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ အကြမ်းဖက် စစ်တပ်၏ တောင်ငူ လေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အဆောက်အဦး ၁ ခု ထိမှန်ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ၍ လူနာတင်ကား ၃ စီး လေတပ်ဝင်းထဲ ဝင်သွားကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၀ ရက်နေ့ ည ၈ နာရီ ၂၃ မိနစ်ခန့်အချိန် အကြမ်းဖက် စစ်တပ်၏ တောင်ငူမြို့ရှိ တောင်ငူလေတပ်စခန်း အတွင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ၂ လုံး ကို အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့ကြောင်း၊ ယင်း ပစ်ခတ်မှု အတွင်း လေတပ်ဝင်း အတွင်းရှိ အဆာက်အဦး ၁ ခု ထိမှန်ခဲ့ပြီး လေတပ်ဘက်မှ ထိခိုက် သေဆုံးမှုရှိနိုင်ကြောင်း၊ လူနာတင်ကား ၃ စီး လေတပ်ဝင်းထဲ ဝင်သွားကြောင်း သိရသည်။

ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ကြီး ၃ လုံးဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး လက်နက်ငယ်များဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့ကြောင်း၊ ရှော့တိုက်ဒုံး ၃ လုံးကို မည်သည့် နေရာမှ ပစ်ခတ်သည်ကို စစ်ကောင်စီ တပ်သားများက မသိရှိသောကြောင့် တန်ပြန် လက်နက်ကြီးဖြင့်ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း၊ သို့ရာတွင် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“အဆောက်အဦး ၁ လုံးတော့ ထိတယ်။ ကျန်တာတော့ စုံစမ်းဆဲပါ။ ပါဝင်ပေးခဲ့တဲ့ မဟာမိတ် အဖွဲ့အားလုံးကိုလည်း ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။ ကျနော်တို့ရှိမယ်ထင်တဲ့ ဘက်တွေကို လက်နက်ကြီး ၃ လုံးပြန်ပစ်ပါတယ်။ လက်နက်ငယ်နဲ့ကတော့အချက်ပေါင်းများစွာ ပြန်ပစ်ပါတယ်။ ရှော့ဒုံးကို ဘယ်နေရာက ပစ်မှန်းမသိတော့ သူတို့ပြန်ပစ်တာတွေက ရမ်းသမ်းပြန်ပစ်တာမျိုးတွေဖြစ်နေတယ်။ ကျနော်တို့ရဲဘော်တွေ အားလုံးဘေးကင်းလုံခြုံစွာနဲ့ ဌာနေစခန်းတွေကို ပြန်ရောက်ခဲ့ပါပြီ စစ်ခွေးတွေ ထိခိုက်သေဆုံးမှု ရှိနိုင်တယ်။ အခုက တောင်ငူလေတပ်စခန်းကို ၄ ကြိမ်မြောက် တိုက်ခိုက်ခြင်းဖြစ်ပါတယ်” ဟု Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူ က ပြောဆိုသည်။

စစ်ကောင်စီ၏ လေတပ်က နိုင်ငံတဝန်းတွင် လေကြောင်းစစ်ဆင်ရေးများကို အရှိန်ဟုန်မြှင့်၍ လုပ်ဆောင်နေသည့်အတွက် အပြစ်မဲ့ ပြည်သူများ နေ့နေ့ညည အသက်ဆုံးရှုံးနေရကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့ဝင်များ သိမ်းပိုက်ထားသည့် နယ်မြေများတွင်လည်း ပြည်သူများကို မနေထိုင်စေချင်သည့် စစ်ကောင်စီက ညတိုင်းလေကြောင်းဖြင့်တိုက်ခိုက်နေကြောင်း၊ လတ်တလော လားရှိုး၊ မြစ်ခြေမြို့၊ ရှမ်းတောင် ကရင်နီဒေသများ အပြင် စစ်ကိုင်းတိုင်း၏ နေရာ အများအပြားကို လေကြောင်းဖြင့် စစ်ကောင်စီက တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူ က ရှင်းလင်းပြောဆိုသည်။

တောင်ငူလေတပ်သည် ကရင်ပြည်နယ်၊ ကရင်နီပြည်နယ် နှင့် ရှမ်းတောင် တို့ရှိ တော်လှန်ရေးအင်အားစုများကို တိုက်ခိုက် ရာတွင် စစ်ရှုံး ကောင်စီအဓိက အားထားရသော လေတပ်စခန်း တစ်ခု ဖြစ်သောကြောင့် တောင်ငူ လေတပ် မစ်ရှင်ကို စီစဉ် အကောင်အထည်ဖော်ရခြင်းဖြစ်ကြောင်း၊ ပြည်သူ့အသက်အိုးအိမ် စည်းစိမ်ကို တိုက်ခိုက်ရာတွင် ထင်ရာစိုင်းသလို ဖြစ်နေ သည့် အကြမ်းဖက် လေတပ်ကို နှိမ်နင်းရန် အထူးလိုအပ်လာပြီဖြစ်၍ တော်လှန်ရေးအင်အားစုများအနေဖြင့် လေတပ်များကို နည်းမျိုး စုံဖြင့် တန်ပြန်တိုက်ခိုက်ကြရန် အထူးတိုက်တွန်းလိုကြောင်း၊ BWM အနေဖြင့်လည်း ဆက်လက်၍ အရှိန် အဟုန် တိုးမြှင့်ပြီး လေတပ် နှင့် စစ်ရေး ပစ်မှတ်များကို ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူ က ရှင်းပြသည်။

အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် NSA31 မြို့ပြပြောက်ကျားအဖွဲ့နှင့် စစ်တောင်းမြစ်ဝှမ်း ရေတာရှည်ပူးပေါင်း စစ်ဆင်ရေးအဖွဲ့တို့က Mission 24 အနေဖြင့် ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article