26 C
Yangon

တမူးမြို့နယ်၊ နမွန်းတားကျေးရွာအနီး၌ တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားပြီး စစ်တပ် လက်အောက်ခံ ကသည်းလက်နက်ကိုင်တပ်ဖွဲ့ဝင် ၄ ဦးသေဆုံးကာ သေနတ် ၁ လက် သိမ်းဆည်းရရှိ

Must read

တမူးမြို့နယ်၊ နမွန်းတားကျေးရွာအနီး၌ တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားပြီး စစ်တပ် လက်အောက်ခံ ကသည်းလက်နက်ကိုင်တပ်ဖွဲ့ဝင် ၄ ဦးသေဆုံးကာ သေနတ် ၁ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ အောက်တိုဘာ ၂၄

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ နမွန်းတားကျေးရွာအနီးတွင် တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ် လက်အောက်ခံ ကသည်း လက်နက်ကိုင် တပ်ဖွဲ့ဝင် ၄ ဦးသေဆုံးကာ သေနတ် ၁ လက် သိမ်းဆည်း ရရှိခဲ့ကြောင်း တမူးခရိုင် အမှတ် ၄ တပ်ရင်းမှ တပ်ရေးဗိုလ် အောင်ပြည့်ဖြိုးက ရန်ကုန် ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ အောက်တိုဘာလ ၂၃ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်ခန့်တွင် တမူးမြို့နယ်၊ ပန်းသာပျူ စောထီး ကျေးရွာအထိုင်းစခန်းမှ အကြမ်းဖက် စစ်သားနှင့် ပျူစောထီး အင်အား ၅၀ ခန့်သည် တမူးခရိုင် အမှတ် ၄ တပ်ရင်းမှ ရဲဘော် ၆ ဦး၏ ကာကင်းယူထားသည့် စခန်းကို ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ရာ အပြန် အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ပွားပြီး PDF တပ်ဖွဲ့ဘက်မှ တပ်စိပ်မှူး ၁ ဦး အပါအဝင် ၃ ဦးကျဆုံးခဲ့ကြောင်း သိရသည်။

“နံနက်မိုးလင်းပိုင်းလောက်မှာ ရင်း ၄ ပွိုင့်ကို ဝင်စီးသွားတာ ညကတည်းက တက်လာပြီး ကင်းတဲ နားကပ်နေတာထင်တယ်။ မိုးလင်းပိုင်းကျမှ ရုတ်တရက်ကြီး ကပ်လာပြီး ထိုးပစ်တာ ရုတ်တရက် ကြီး ဆိုတော့ ရဲဘော်တွေက ကြောင်သွားပြီး ရဲဘော်တစ်ယောက်က ကိုယ်လွတ်ရုန်းထွက်ပြေး နိုင်ခဲ့ တယ်။ ရဲဘော်တစ်ယောက် ဒဏ်ရာရတယ်။ အဲဒီအချိန်မှာ ဒဏ်ရာရတဲ့ ရဲဘော်တွေကို စိတ်မှူးက ပြန်ပို့တဲ့အချိန်မှာ ရဲဘော်လေး ၂ ယောက်က ကာပစ်ပစ်ပေးရင်း ကျန်ခဲ့တာ၊ ကျန်ခဲ့တဲ့ ရဲဘော် ၂ ယောက်ကို စိတ်မှူးက ပြန်သွားခေါ်တဲ့အချိန်မှာ စိတ်မှူးပါ ကျသွားတာ” ဟု တမူးခရိုင် အမှတ် ၄ တပ်ရင်းမှ တပ်ရေးဗိုလ်အောင်ပြည့်ဖြိုး က ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ သိမ်းပိုက်ထားသော ကာကင်စခန်းကို နံနက် ၁၀ နာရီခန့်တွင် PDF တပ်ဖွဲ့များက တန်ပြန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သားနှင့် ပျူစောထီးများ ထွက်ပြေးသွားပြီး ကျဆုံးသွားသော ရဲဘော် ၃ ဦး၏ ရုပ်အလောင်းကို ပြန်လည် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ယင်းနေ့ နံနက် ၆ နာရီ ၁၅ မိနစ်ခန့်တွင် တမူးမြို့နယ်၊ ပန်းသာရွာ ပျူစောထီးစခန်းမှ အကြမ်းဖက် စစ်တပ် လက်အောက်ခံ ကသည်း လက်နက်ကိုင်အဖွဲ့ဝင် ၁၀ ဦးသည် နမွန်းတား ကျေးရွာဘက်သို့ ဆိုင်ကယ် ၅ စီးဖြင့် တက်လာစဉ် PDF တပ်ဖွဲ့များ နေရာယူထားသော ဂိတ်အနီးအရောက်တွင် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ၄ ဦးသေဆုံးပြီး AK 47 သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“နမွန်းတားရွာကို သိမ်းလိုက်ပြီထင်ပြီးတော့ ကသည်းအဖွဲ့တွေက ဆိုင်ကယ် ၅ စီးနဲ့ ထိုးဝင်လာတာ ဆိုင်ကယ် ၂ စီးကတော့ ဂိတ်နားလေးကို ကပ်လာတာပေါ့။ ကပ်လာတဲ့သူတွေကို ကျနော်တို့ PDF အဖွဲ့တွေက ပစ်ခတ်တဲ့အချိန်မှာ အဲဒီ ၄ ယောက်က ကျတယ်။ ကျန်တဲ့ဆိုင်ကယ် ၃ စီးနဲ့ ၆ ယောက် ကျတော့ ဆိုင်ကယ်ထားပြီး လူလွတ်ပြေးကြတာ ရုရှားထုတ် AK 47 တစ်လက် သိမ်းဆည်းရရှိခဲ့တယ်” ဟု တမူးခရိုင် အမှတ် ၄ တပ်ရင်းမှ တပ်ရေးဗိုလ် အောင်ပြည့်ဖြိုး က ဆက်လက်ပြောဆိုသည်။

အကြမ်းဖက် စစ်သား၊ပျူစောထီးများနှင့် ကသည်းလက်နက်ကိုင်တပ်ဖွဲ့ဝင်များ ပူးပေါင်းထားသည့် အကြမ်းဖက် စစ်ကြောင်းသည် နမွန်းတားကျေးရွာကို ဆက်လက် ထိုးစစ်ဆင်ရန် ပြင်ဆင်လျက်ရှိပြီး ရေကြောင်းမှလည်း အင်အားဖြည့်တင်းလျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article