26.3 C
Yangon

မြန်မာနိုင်ငံတွင် အမေရိကန် သံတမန်တစ်ဦး သေဆုံးမှု ရဲတပ်ဖွဲ့က လူသတ်မှုဖြစ်နိုင်ခြေဟု သတ် မှတ်ကာ စုံစမ်းစစ်ဆေးမှုများ လုပ်နေပြီး ထိုင်းအမျိုးသမီး ၁ ဦးကိုလည်း သံသယဖြင့် ဖမ်းဆီးထား

Must read

ရန်ကုန်၊ ဇွန် ၁၁

ရန်ကုန်မြို့တွင် အမေရိကန်ပြည်ထောင်စုမှ သံတမန်တစ်ဦး သေဆုံးနေသည်ကို တွေ့ရှိရပြီး၊ အဆိုပါ သေဆုံးမှုနှင့် ပတ်သက်၍ ထိုင်းအမျိုးသမီးတစ်ဦးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းကာ လူသတ်မှုဖြစ်နိုင်ခြေအဖြစ် သတ်မှတ်ပြီး စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း ရန်ကုန်ရှိ သံတမန်အသိုင်းအဝိုင်းကိုးကား၍ AP သတင်းဌာနက သတင်းဖော်ပြသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးတွင် တာဝန်ထမ်းဆောင်နေသော သံတမန်တစ်ဦး သေဆုံးသွားခဲ့ကြောင်း အေပီ (AP) သတင်းဌာနသို့ ဇွန်လ ၁၀ ရက် ဗုဒ္ဓဟူးနေ့တွင် အတည်ပြုခဲ့သော်လည်း၊ သေဆုံးရသည့် အကြောင်းရင်း သို့မဟုတ် နောက်ခံအခြေအနေများနှင့် ပတ်သက်၍ အသေးစိတ် ထုတ်ဖော်ပြောကြားခြင်း မရှိပေ။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက သေဆုံးသူ၏ မိသားစုနှင့် နီးစပ်သူများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုကို လေးစားသောအားဖြင့် ယခုအချိန်တွင် ထပ်မံထုတ်ပြန်မည့် အချက်အလက်မရှိသေးကြောင်း ထုတ်ပြန်ထားသည်။

အမှုကို ဆွေးနွေးပြောဆိုခွင့် မရှိသည့်အတွက် အမည်မဖော်လိုသော မြန်မာနိုင်ငံရှိ သံတမန်အသိုင်းအဝိုင်းမှ ပုဂ္ဂိုလ် သုံးဦး၏ ပြောပြချက်အရ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် အဆိုပါ သံတမန်သေဆုံးမှုကို လူသတ်မှု ဖြစ်နိုင်ခြေအဖြစ် သတ်မှတ်ကာ စုံစမ်းစစ်ဆေးနေသည်ဟု သိရှိရသည်။

အဆိုပါ သံတမန်ကို လွန်ခဲ့သည့် နှစ်ပတ်ခန့်က အမေရိကန်သံရုံးနှင့် ၁.၅ ကီလိုမီတာ (၁ မိုင်ခန့်) အကွာအဝေးတွင်ရှိသော ဟိုတယ်တစ်ခု၌ သေဆုံးလျက် တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ၊ ၎င်းဟိုတယ်သည် ရေရှည်ငှားရမ်း နေထိုင်နိုင်သည့် အဆောက်အအုံဖြစ်ပြီး သံတမန်များ ၊ နိုင်ငံတကာ စီးပွားရေးလုပ်ငန်းရှင်များနှင့် ကမ္ဘာလှည့်ခရီးသွားများအကြား ရေပန်းစားသော နေရာတစ်ခု ဖြစ်သည်ဟု သိရှိရသည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဘက်ကလည်း လူသိရှင်ကြား တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကမူ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် အဆိုပါ ထိုင်းအမျိုးသမီးအတွက် ကောင်စစ်ဆိုင်ရာ ကူညီပံ့ပိုးမှုများ ပေးအပ်ထားပြီး ၎င်း၏ မိသားစုထံသို့လည်း အကြောင်းကြားထားပြီးဖြစ်ကြောင်း၊ သို့သော်လည်း အမှုနှင့်ပတ်သက်သည့် အသေးစိတ်ကိုမူ မှတ်ချက်ပေးမည်မဟုတ်ကြောင်း ပြောကြားထားသည်။

ဓာတ်ပုံ- AP။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article