26.3 C
Yangon

ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် တရားမဝင် အလုပ်လုပ်နေသည့် မြန်မာအလုပ်သမား ၄ ဦး ဖမ်းဆီးခံရ၊ ချင်းမိုင်တွင်လည်း ရေခဲမုန့်သည် မြန်မာအမျိုးသမီး ၁ ဦး ဖမ်းဆီးခံရ

Must read

ရန်ကုန်၊ ဇွန် ၁၁

ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင်အတွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကို ထိုင်းအာဏာပိုင်များပူးပေါင်းအဖွဲ့က ဝင်ရောက်စီးနင်းခဲ့ရာ အလုပ်လုပ်ကိုင်ခွင့်လက်မှတ် မရှိဘဲ တရားမဝင် ဝင်ရောက်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား ၄ ဦးကို ဖမ်းဆီးခဲ့ကြောင်း အယုဒ္ဓယခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ထားသည်။

ယမန်နေ့ ဇွန်လ ၁၀ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် အယုဒ္ဓယခရိုင် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့ (လဝက) ညွှန်ကြားရေးမှူး ရဲမှူးကြီးနှင့် ဒုတိယညွှန်ကြားရေးမှူး ရဲမှူးတို့၏ တိုက်ရိုက်ညွှန်ကြားချက်ဖြင့် လဝက စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ဗဟိုအလုပ်သမားရှာဖွေရေးနှင့် အလုပ်သမားကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ အယုဒ္ဓယခရိုင် အလုပ်သမားရှာဖွေရေးဌာန၊ ဥထိုင်း (Uthai) မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဒေသတွင်းလုံခြုံရေးတပ်ဖွဲ့ (ISOC) နှင့် ဥထိုင်းမြို့မရဲစခန်းတို့နှင့် ပူးပေါင်းကာ အထူးစစ်ဆင်ရေးတစ်ရပ်ဖြင့် နိုင်ငံခြားသားများ အလုပ်လုပ်ကိုင်နေသည့် နေရာများကို ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ထိုင်းအာဏာပိုင်များ ပူးပေါင်းအဖွဲ့သည် အယုဒ္ဓယခရိုင်၊ ဥထိုင်းမြို့နယ်၊ ဘန်ချန်းကျေးရွာ အုပ်စု၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံလမ်းကြားအတွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကို ပိတ်ဆို့ဝင်ရောက်စစ်ဆေးခဲ့ရာ တရားမဝင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများဖြစ်ကြသော အသက် ၃၅ နှစ်အရွယ် ကိုရဲနိုင်ထွန်း၊ အသက် ၃၃ နှစ်အရွယ် ကိုနန်းဦး၊ အသက် ၃၂ နှစ်အရွယ် မအိဖြိုးမွန်နှင့် အသက် ၂၈ နှစ်အရွယ် မရွှေဇင်ဦးတို့ ၄ ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ထိုင်းအာဏာပိုင်များက စစ်ဆေးရာတွင် ၎င်းတို့ ၄ ဦးသည် မည်သည့်တရားဝင် အထောက်အထားစာရွက်စာတမ်းမျှ ပြသနိုင်ခြင်းမရှိဘဲ ခိုးဝင်လာကြသူများဖြစ်ကြောင်း ပေါ်ပေါက်သဖြင့် ဖမ်းဆီးခံရသူ မြန်မာအလုပ်သမား ၄ ဦးကို “နိုင်ငံခြားသားများ အလုပ်လုပ်ကိုင်ခွင့်လက်မှတ်မရှိဘဲ အလုပ်လုပ်ကိုင်မှု” နှင့် “ခွင့်ပြုချက်မရှိဘဲ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်မှု” စသည့် ပုဒ်မများဖြင့် အမှုဖွင့်လှစ် အရေးယူသွားမည်ဖြစ်သည်။

လက်ရှိအချိန်တွင် ဖမ်းဆီးခံရသော မြန်မာအလုပ်သမား ၄ ဦးကို ဥပဒေအရ အရေးယူနိုင်ရန် သက် ဆိုင်ရာ ဥထိုင်းမြို့ရဲစခန်းရှိ စုံစမ်းစစ်ဆေးရေးအရာရှိများထံသို့ လွှဲပြောင်းထိန်းသိမ်းပြီး ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူ ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်အတွင်း နိုင်ငံခြားသားများ လုပ်ကိုင်ခွင့်မရှိဘဲ တားမြစ်ထားသည့် ဈေးရောင်းသည့်အလုပ်ကို လုပ်ကိုင်နေသော ရေခဲမုန့်သည် မြန်မာအမျိုးသမီး ၁ ဦးကိုလည်း ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ထားသည်။

ဇွန်လ ၁၀ ရက်နေ့တွင် ထိုင်းနိုင်ငံရဲတပ်ဖွဲ့အကြီးအကဲ ရဲချုပ်ကြီးနှင့် လဝက ရဲမှူးကြီးတို့၏ ညွှန်ကြား ချက်အရ၊ ချင်းမိုင်ခရိုင် လဝက ညွှန်ကြားရေးမှူး ဦးဆောင်သော လဝက စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ချင်းမိုင်ခရိုင် အလုပ်သမားရှာဖွေရေးဌာနနှင့် ပူးပေါင်းကာ အထူးစစ်ဆင်ရေးတစ်ရပ်ဖြင့် တရားမဝင်နိုင်ငံခြားသားများ အလုပ်လုပ်ကိုင်နေသောနေရာများကို ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

ထိုင်းအာဏာပိုင်များ ပူးပေါင်းအဖွဲ့က ချင်းမိုင်ခရိုင်၊ ဖန် (Fang) မြို့နယ်၊ ဝိန်းကျေးရွာအုပ်စုအတွင်းရှိ နယ်မြေအတွင်း နိုင်ငံခြားသားများ တရားမဝင် အလုပ်လုပ်ကိုင်နေကြောင်း သတင်းပေးချက်အရ သွားရောက်စစ်ဆေးခဲ့ရာ ဘေးတွဲဆိုင်ကယ်ဖြင့် လှည့်လည်ကာ ရေခဲမုန့်ရောင်းချနေသည့် မြန်မာနိုင်ငံသားအမျိုးသမီး ၁ ဦးကို ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။

ထိုင်းအာဏာပိုင်များ၏ စစ်ဆေးချက်အရ ၎င်းတွင် ထိုင်းနိုင်ငံအတွင်း ယာယီနေထိုင်ခွင့်နှင့် “အခြေခံအလုပ်သမား” အမျိုးအစားဖြင့် အလုပ်လုပ်ကိုင်ခွင့်ကတ်ပြား (ဝက်ပါမစ်) ရှိထားသော်လည်း လက်ရှိတွင် ကိုယ်တိုင် ဘေးတွဲဆိုင်ကယ်ဖြင့် ရေခဲမုန့်လှည့်လည်ရောင်းချနေခြင်း ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

ဖမ်းဆီးခံရသော မြန်မာအမျိုးသမီး၏ ထွက်ဆိုချက်အရ ၎င်းသည် ဘေးတွဲဆိုင်ကယ်ဖြင့် ရေခဲမုန့်လှည့်လည်ရောင်းချခြင်းကို လုပ်ကိုင်နေသည်မှာ ၂ လခန့်ရှိပြီဖြစ်ပြီး၊ တစ်ရက်လျှင် ဘတ် ၄၀၀ မှ ၅၀၀ ခန့် ဝင်ငွေရရှိကြောင်း ဝန်ခံပြောဆိုထားသည်။

ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာန၏ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ “လမ်းဘေးလှည့်လည်ဈေးရောင်းခြင်း” သည် နိုင်ငံခြားသားများ လုပ်ကိုင်ခွင့်မရှိဘဲ ထိုင်းနိုင်ငံသားများအတွက်သာ သီးသန့်ကန့်သတ်ထားသည့် အသက်မွေးဝမ်းကျောင်းအလုပ် ဖြစ်သည်။

ထို့ကြောင့် ဈေးသည်မြန်မာအမျိုးသမီးကို “ခွင့်ပြုထားသည့် လုပ်ငန်းအမျိုးအစားအပြင် အခြားတားမြစ်ထားသည့် လုပ်ငန်းကို ပြောင်းလဲလုပ်ကိုင်မှု” ဖြင့် အမှုဖွင့်လှစ်ကာ၊ ဥပဒေအရ အရေးယူနိုင်ရန် သက်ဆိုင်ရာ ဖန်မြို့ရဲစခန်းရှိ စုံစမ်းစစ်ဆေးရေးအရာရှိထံသို့ လွှဲပြောင်းပြီး ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article