26.3 C
Yangon

စစ်တပ်က မတရားဖမ်းဆီးထားသော မိခင် ဒေါ်အောင်ဆန်းစုကြည်ထံသို့ စာများ ရေး သားပြီး ပါဆယ်ပစ္စည်းများ အမြဲမပြတ် ပေးပို့နေသော်လည်း တုံ့ပြန်မှုမရရှိဟု သားဖြစ်သူ ပြော

Must read

ရန်ကုန်၊ ဇွန် ၁၁ ရက်

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် မတရားဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်ထံသို့ စာများနှင့် ပါဆယ်ထောက်ပံ့ရေးပစ္စည်းများကို အမြဲမပြတ် ပေးပို့နေသော်လည်း ယနေ့အချိန်အထိ တစ်စုံတစ်ရာ တုံ့ပြန်မှု မရရှိသေးကြောင်း သားဖြစ်သူ ကိုထိန်လင်း(ခ)ကင်မ်အဲရစ်က ဩစတြေးလျ အခြေစိုက်SBS News သို့ ထုတ်ဖော်ပြောကြားလိုက်သည်။

ကိုထိန်လင်း(ခ) ကင်မ်အဲရစ်က မိခင်ဖြစ်သူ အသက်ထင်ရှားရှိနေကြောင်း ကမ္ဘာသို့ မြန်မာစစ်တပ်က သက်သေပြရန် ဖိအားပေးသည့် လှုပ်ရှားမှုတစ်ရပ်အနေဖြင့် သြစတြေးလျနိုင်ငံသို့ ရောက်ရှိနေစဉ် ယခုကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အသက် ၈၀ အရွယ်ရှိပြီဖြစ်သည့် နိုဗယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု ဖြစ်ပွားကတည်းက လူမြင်ကွင်းမှ ပျောက်ကွယ်နေခဲ့သည်မှာ ၅ နှစ်နီးပါး ရှိလာပြီဖြစ်သည်။

မိခင်ဖြစ်သူနှင့်ပတ်သက်၍ လွန်ခဲ့သည့် သုံးနှစ်ခန့်က စာတစ်စောင် လက်ခံရရှိခဲ့ဖူးသည်မှလွဲ၍ တစ်စုံတစ်ရာ ထပ်မံသိရှိရခြင်းမရှိတော့ဘဲ၊ ရှေ့နေအဖွဲ့နှင့်လည်း ၂၀၂၂ ခုနှစ်ကတည်းက အဆက်အသွယ် ပြတ်တောက်ခဲ့ကြောင်း သူက အက်စ်ဘီအက်စ် (SBS) သတင်းဌာနသို့ ပြောကြားခဲ့သည်။

ထို့ကြောင့် လက်ရှိတွင် မိခင်ဖြစ်သူ အသက်ရှင်လျက် ရှိ၊ မရှိကိုပင် အတိအကျမသိရဘဲ မိသားစုဝင်များအနေဖြင့် အလွန်စိုးရိမ်ပူပန်နေရသည့် အခြေအနေ ဖြစ်နေသည်။

“ကျွန်တော်ကတော့ ဗြိတိန်နိုင်ငံခြားရေးရုံးမှတစ်ဆင့် မိခင်ဖြစ်သူထံသို့ စာများနှင့် ထောက်ပံ့ရေးပစ္စည်းများကို အမြဲမပြတ် ပေးပို့နေသော်လည်း တစ်စုံတစ်ရာ တုံ့ပြန်မှု မရရှိသေးပါဘူး။ ဒါပေမဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်လာစေဖို့နဲ့ ကမ္ဘာက မေ့လျော့နေတဲ့ မြန်မာ့ပဋိပက္ခကို နိုင်ငံတကာက ပြန်လည်အာရုံစိုက်လာစေဖို့အတွက် ဆက်လက်ကြိုးပမ်းသွားမှာပါ” ဟု သူက ပြောကြားသည်။

ကိုထိန်လင်း(ခ) ကင်မ်အဲရစ်က မိခင်ဖြစ်သူနှင့်ပတ်သက်သော ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုခရီးစဉ်အဖြစ် သြစတြေးလျနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်ခဲ့ခြင်းဖြစ်ပြီး၊ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ပန်နီဝေါင် အပါအဝင် ဖက်ဒရယ်လွှတ်တော်အမတ်များ၊ မြန်မာမိသားစုအသိုက်အဝန်းများနှင့် တွေ့ဆုံခဲ့သည်။

သြစတြေးလျ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဌာနကလည်း ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရန်နှင့် မိသားစု၊ ရှေ့နေများနှင့် လွတ်လပ်စွာတွေ့ဆုံခွင့်အပြင် လုံလောက်သည့် ဆေးဝါးကုသခွင့်ပေးရန် စစ်ကောင်စီကို တောင်းဆိုထားကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် ကိုကင်မ်အဲရစ်က လာမည့် ဇွန်လကုန်ပိုင်းတွင် ကျရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့် မွေးနေ့အခြေအနေကို အရှိန်မြှင့်တင်ရန်အတွက် လန်ဒန်မြို့တွင် ၈၁ ကီလိုမီတာ ရှည်လျားသည့် စကိတ်ဘုတ်စီးနင်းသည့် လှုပ်ရှားမှုတစ်ရပ်ကို ပြုလုပ်၍ စစ်ကောင်စီအပေါ် နိုင်ငံတကာအာရုံ စိုက်မှု ပိုမိုမြင့်တက်လာအောင် လုပ်ဆောင်သွားရန် ရှိနေသည်။

ပြီးခဲ့သည့် ဧပြီလအတွင်းက စစ်ကောင်စီဘက်က ဒေါ်အောင်ဆန်းစုကြည်ကို ထောင်မှ နေအိမ်အကျယ် ချုပ်သို့ ပြောင်းရွှေ့လိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ပြီး ဧပြီ ၃၀ ရက်စွဲဖြင့် ဓာတ်ပုံတစ်ပုံကို ထုတ်ပြန်ခဲ့သည်။

သို့သော် အဆိုပါဓာတ်ပုံမှာ မည်သည့်အချိန်က ရိုက်ကူးခဲ့သည်ကို အတည်မပြုနိုင်သည့်အတွက် သားဖြစ်သူ အပါအဝင် နိုင်ငံတကာအသိုင်းအဝန်းက သံသယဝင်နေကြသည်။ ကိုထိန်လင်း(ခ) ကင်မ်အဲရစ်ကမူ စစ်ကောင်စီသည် နိုင်ငံတကာ၏ တောင်းဆိုမှုများကို လိုက်လျောဟန်ပြကာ ၎င်းတို့၏ စစ်အစိုးရကို နိုင်ငံတကာက အသိအမှတ်ပြုလာစေရန် ဝါဒဖြန့် လုပ်ဆောင်ခြင်းသာဖြစ်သည်ဟု သုံးသပ်ထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများကလည်း ၎င်းအား မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို လုံးဝအမှောင်ချ လျှို့ဝှက်ထားခြင်းသည် နိုင်ငံတကာ သဘောတူညီချက်များကို ချိုးဖောက်ခြင်းဖြစ်ပြီး ၎င်း၏ ကျန်းမာရေးအခြေအနေအတွက် အထူးစိုးရိမ်ရကြောင်း ပြောဆိုထားကြသည်။

မြန်မာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၈ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လာခဲ့ပြီးနောက် ဒီမိုကရေစီလှုပ်ရှားမှုကို ဦးဆောင်ခဲ့သဖြင့် ၁၉၈၉ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ ၁၅ နှစ်နီးပါး နေအိမ်အကျယ်ချုပ် ကျခံခဲ့ရသည်။

အကြမ်းမဖက်သည့် နည်းလမ်းဖြင့် ကြိုးပမ်းခဲ့မှုကြောင့် နိုင်ငံတကာ၏ ရိုသေလေးစားမှုကို ရရှိခဲ့သော်လည်း၊ ၎င်းအာဏာရလာသည့် နောက်ပိုင်းတွင် ရိုဟင်ဂျာကိစ္စများနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် စစ်တပ်ဘက်မှ လိုက်လံကာကွယ်ပြောဆိုပေးခဲ့ခြင်းကြောင့် နိုင်ငံတကာတွင် ပုံရိပ်ထိခိုက်ခဲ့ရသည်။

လက်ရှိတွင် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ပြီးခဲ့သည့် ဧပြီလအတွင်းက ၎င်းတို့ဘာသာ စီစဉ်ကျင်းပသည့် ရွေးကောက်ပွဲမှတစ်ဆင့် သမ္မတရာထူး အတင်းအကျပ် ရယူထားပြီး ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကိုလည်း ဖျက်သိမ်းခဲ့သည်။

သို့သော် မြန်မာစစ်တပ်က ပြည်သူများအပေါ် အကြမ်းဖက်မှုများ ဆက်လက်လုပ်ဆောင်နေခြင်းကြောင့် အာဆီယံထိပ်သီးအစည်းအဝေးများ တက်ရောက်ခွင့် ဆက်လက်ပိတ်ပင်ခံနေရဆဲဖြစ် သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article