27 C
Yangon

ဂွမြို့အနီးတွင် တိုက်ပွဲပြင်းထန်နေပြီး တိုင်ကျိုးကျေးရွာမှ ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးနေရ

Must read

ဂွမြို့အနီးတွင် တိုက်ပွဲပြင်းထန်နေပြီး တိုင်ကျိုးကျေးရွာမှ ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးနေရ

ရန်ကုန်၊ အောက်တိုဘာ ၂၅

ရခိုင်ပြည်နယ်၊ ဂွမြို့နှင့် ၁၅ မိုင်ခန့်အကွာရှိ တိုင်ကျိုးကျေးရွာတွင် တိုက်ပွဲ ပြင်းထန်နေပြီး ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရ ကြောင်း ဒေသတွင်း စစ်ရေး သတင်းရင်းမြစ်များက ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းမှစ၍ ဂွမြို့နှင့် ၁၅ မိုင်ခန့်အကွာ ကုလားပြင် (ရတနာ မြိုင်)ရွာ နှင့် ကမ်းသာယာကမ်းခြေကြားရှိ တိုင်ကျိုး ကျေးရွာတွင် ရခိုင့်တပ်တော် -AA နှင့် အကြမ်း ဖက်စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲ ပြင်းထန်နေပြီး ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

” တိုင်ကျိုးဆိုတဲ့ ရွာအနီးမှာ အခု လောလောဆယ် တိုက်ပွဲဖြစ်နေပါတယ်။ ဒီနေ့ မနက်ပိုင်းက စပြီး ဖြစ်နေ ကြတာပါ။ ရွာသားတွေကတော့ ထွက်ပြေးတိမ်းရှောင်နေရတာပေါ့။ ဘယ်လိုတွေတောင် ဖြစ် နေပြီလဲ အသေးစိတ်မသိရပါဘူး။ အဲဒီနဲ့ ၇ မိုင်အကွာလောက်နေ လှမ်းပြီး သတင်းတွေ ကြားနေရပါ တယ်။ တိုက်ပွဲက အရမ်းပြင်းထန်နေလို့ မိသားစုတွေကို အတင်းရွာက ထွက်ဖို့ လှမ်းခေါ်နေရပါ တယ်။ အသံတွေက အရမ်းကျယ်တာ” ဟု ဒေသစစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ယင်းတိုက်ပွဲဖြစ်ပွားရာနေရာသို့ တိုင်ကျိုးပင်လယ်ပြင်အတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ စစ်သင်္ဘော ၂ စီးကလည်း လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ကူပေးနေသည့်အပြင် ဂွမြို့ဘက်မှလည်း အကြမ်းဖက် စစ်သား အင်အား ၃၀၀ ခန့် စစ်ကူ ဆင်းလာကြောင်း သိရသည်။

“တိုင်ကျိုးမှာ စစ်ကောင်စီတပ်သား ၃၀၀ ကျော်ကျော်လောက်ရှိတယ်ကြားတယ်။ နှစ်ဖက် လက် နက် ကြီးသံတွေကတော့ ဆူညံနေတာပဲ တိုင်ကျိုးရဲ့ ကျိုင်မှာလည်း ရေတပ်က ရှိနေတယ်။ ကမ်း သာယာအနီး ဇီးကုန်းရှိ စစ်ကောင်စီ အမြောက်တပ်ကလည်း လက်နက်ကြီးတွေနဲ့ တောက်လျှောက် ပစ်ခတ်နေပါတယ်” ဟု ဒေသစစ်ရေး သတင်းရင်းမြစ်က ဆက်လက် ပြောဆိုသည်။

သံတွဲမြို့ကို သိမ်းပိုက်ပြီးနောက် ဂွမြို့နယ်ကို သိမ်းပိုက်ရန် ရခိုင့်တပ်တော် – AA က ထိုးစစ်ဆင်တိုက် ခိုက်နေခြင်းဖြစ်ပြီး ယခုတိုက်ပွဲမှာ ဂွမြို့နှင့်အနီးဆုံးတိုက်ပွဲဖြစ်ကြောင်း၊ ဂွမြို့နယ် ကျိန္တလီမြို့ရှိ စစ် ကောင်စီတပ်ရင်းများနှင့် ကုလားပြင်ကျေးရွာက တပ်စခန်းများမှာ ဂွမြို့ဘက်သို့ တဖြေးဖြေးဆုတ် ခွာသွား၍ ကြွေချိုင်၊ တိုင်ကျိုး၊ ဇီးကုန်း၊ ကမ်းသာယာ စသည့် ဒေသများရှိ စစ်ကောင်စီတပ်များကို ရခိုင်တပ်တော်- AA ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်အနေဖြင့်လည်း ဂွမြို့မကျဆုံးစေရေးအတွက် လက်နက်၊ လူ၊ ရေတပ် အင်အားကို ဧရာဝတီတိုင်းဘက်မှတဆင့် တိုးမြှင့်ဖြည့်တင်းထားကြောင်း၊ အမ်းနှင့် မောင်တောမြို့တို့လည်း တိုက်ပွဲများပြင်းထန်နေပြီး အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာန ချုပ် (နပခ) ကို AA က အရှိန်မြှင့် တိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီတပ်အနေဖြင့် အမ်းလေဆိပ်ကို အသုံးပြု၍ မရတော့သည်အထိ ဆုံးရှုံးထားကြောင်း သိရသည်။

Western News-WN သတင်းဌာနသည် ရန်ကုန်ခေတ်သစ်သတင်းဌာန၏ မိတ်ဖက်သတင်းဌာနဖြစ်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article