31 C
Yangon

ဇီးကုန်းတွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်ကို ၄ ရက်ဆက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြား၊ စစ်တပ်က ပြည်သူ ၁ ဦးကို ပစ်သတ်ခဲ့ပြီး PDF တပ်ဖွဲ့များက ပြည်သူများကို ကယ်ထုတ်နေ

Must read

ဇီးကုန်းတွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်ကို ၄ ရက်ဆက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြား၊ စစ်တပ်က ပြည်သူ ၁ ဦးကို ပစ်သတ်ခဲ့ပြီး PDF တပ်ဖွဲ့များက ပြည်သူများကို ကယ်ထုတ်နေ

ရန်ကုန်၊ အောက်တိုဘာ ၂၆

ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်ကို ၄ ရက်ဆက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂၀ ထက်မနည်း သေဆုံးခဲ့ကြောင်း BTZM GBK PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၃ ရက်နေ့မှ စတင်ပြီး ဇီးကုန်းမြို့နယ်၊ ဒိုးနွယ်ရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် အနီးအနားရှိ ကျေးရွာများကို စစ်ကြောင်းထိုး စီးနင်းနေသောကြောင့် PDF တပ်ဖွဲ့များနှင့် ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အင်အား ၁၂၀ ခန့်ပါဝင်ပြီး လမ်းပြအဖြစ် လိုက်ပါလာသည့် ဒေသတွင်း ပျူစောထီးများလည်း ပါဝင်ကြောင်း၊ ယင်းစစ်ကြောင်းသည် အောက်တိုဘာလ ၂၄ ရက်နေ့ ညနေ ၄ နာရီ ၅၀ မိနစ်ခန့်တွင် ဘော်ဘင်ချောင်းမကြီးကို တံတားများထိုး၍ ဖြတ်ကူးလာစဉ် တော်လှန်ရေး တပ်ဖွဲ့များက အလစ်အငိုက် ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ အများအပြား ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း သိရှိရသည်။

ယင်း ပစ်ခတ်တိုက်ခိုက်မှု အတွင်း ထိခိုက်သေဆုံးခဲ့သော စစ်ကောင်စီ တပ်သားများကို ဇီးကုန်းမြို့နယ် ခတ်ချိုကွင်းရွာဘက်ကို ထမ်းစင်များဖြင့် ခေါ်ဆောင်သွားကြောင်း၊ အောက်တိုဘာလ ၂၅ ရက်နေ့ နံနက် ၅ နာရီခန့် ဘော်ဘင်ချောင်းမကြီး တံတားအတိုင်း စစ်ကြောင်းထိုး၍ ထပ်မံ ဝင်ရောက် လာသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားကာ လူအင်အား မမျှ၍ တော်လှန်ရေး တပ်ဖွဲ့ဝင်များ ပြန်လည် ဆုတ်ခွာပေးလိုက်ရကြောင်း သိရသည်။

ထိုတိုက်ပွဲများသည် ယနေ့ အောက်တိုဘာလ ၂၆ ရက်နေ့ထိ ဆက်လက် ဖြစ်ပွားနေပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပြည်သူများ နေထိုင်သည့် ကျေးရွာများကို လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေပြီး ရုံးချောင်းရွာအနီး နေထိုင်သည့် ပြည်သူ ၁ ဦးကိုလည်း ပစ်သတ်ခဲ့ကြောင်းသိရှိရသည်။

လက်ရှိချိန်တွင် သခွတ်ပင်ရွာ၊ သခွတ်ပင်ရွာ၊ အင်တိုင်းကုန်းရွာ၊ ဆယ်တော်ဦးရွာ၊ သင်္ခရိုင်ရွာ၊ ရုံးချောင်းရွာ၊ အေးရွာလေးရွာ နှင့် ဥယာဉ်ကြီးရွာ မှ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရပြီး ရွာထဲ၌ ကျန်ရှိခဲ့သော ပြည်သူများကိုလည်း PDF တပ်ဖွဲ့ဝင်များက ကယ်ထုတ်နေကြောင်း သိရှိရသည်။

“စစ်ခွေး အင်အားက ၁၂၀ လောက်ရှိတယ်။ စစ်ကြောင်းထိုးလာတာက စစ်ခွေးတွေကော ပျူစောထီးတွေကော ပါတယ်။ ကျန်တော်တို့က လမ်းကြောင်း ပိတ်ဆို့တာဆီး တိုက်ခိုက်တာမှာ စစ်ခွေးအသေများတယ်။ ပထမ ဖြစ်တဲ့ တိုက်ပွဲက ဘော်ဘင်ချောင်းမကြီးကို တံတားတွေ ထိုးပြီး ကူးဖို့ လုပ်နေတုန်း တိုက်ခိုက်ခဲ့တာ စစ်ခွေးတွေ တော်တော်သေတယ်။ ထိခိုက်ဒဏ်ရာရတာတွေလည်းများတယ်။ ဘော်ဘင်ချောင်းမကြီး တံတားအတိုင်း စစ်ခွေးတွေက ထပ်တက်လာလို့ ဒုတိယ အကြိမ် တိုက်ပွဲထပ်ဖြစ်တယ်။ အဲတိုက်ပွဲမှာလည်း စစ်ခွေး အသေများတယ်။ စစ်ခွေးသေဆုံးမှုက ၂၀ ဦးထက်မနည်းရှိတယ်။ လူအင်အားက မမျှလို့ ကျန်တော်တို့ ပြန်ဆုတ်ပေးလိုက်ရတာ တိုက်ပွဲတွေက အခုထိ ဖြစ်နေတုန်းပဲ ရုံးချောင်ရွာက ပြည်သူ ၄ ဦးကိုလည်း စစ်ခွေးတွေက လူသားဒိုင်းအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားတယ်” ဟု BTZM GBK PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို BTZM GBK PDF နှင့် ပဲခူးရိုးမ အခြေပြုတပ်ဖွဲ့များက ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article