26 C
Yangon

ကုန်းတွင်းပိတ် လာအိုနိုင်ငံသို့ မြန်မာအလုပ်သမားများ MOU စနစ်ဖြင့် စတင်စေလွှတ်တော့မည်ဖြစ်ပြီး ဝန်ဆောင်ခ အဖြစ် ငွေကျပ် ၁၀ သိန်း အေဂျင်စီများက သတ်မှတ်ရယူ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၉

အာဆီယံဒေသတွင်း ကုန်တွင်းပိတ်နိုင်ငံဖြစ်သော လာအိုနိုင်ငံသို့ မြန်မာအလုပ်သမားများ MOU စနစ်ဖြင့် စတင်စေလွှတ်တော့မည်ဖြစ်ပြီး ဝန်ဆောင်ခ အဖြစ် ငွေကျပ် ၁၀ သိန်း ပြည်ပ အလုပ်အကိုင်အေဂျင်စီများက ရယူကြကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခု၏ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၁ ရက်နေ့ စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီး မြင့်နောင်နှင့် လာအို အလုပ်သမားရေးဝန်ကြီး Mrs Baykham Khattiya.တို့အကြား နားလည်မှု စာချွန်လွှာ MOU လက်မှတ်ရေးထိုးခဲ့ပြီးနောက် လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန်ရှိ တရုတ်စက်ရုံများ၊ လာအိုနိုင်ငံအတွင်းရှိ စက်ရုံအလုပ်ရုံများနှင့် ဆောက်လုပ်ရေး လုပ်ငန်းများက မြန်မာအလုပ်သမားများကို ခေါ်ယူလာခြင်းဖြစ်ကြောင်း သိရှိရသည်။

“MOU နဲ့ခေါ်တာမှာ ဝန်ဆောင်ခ Zero Cost ကို ဒီဘက်က ပြည်ပအလုပ်အကိုင်အေဂျင်စီတွေဘက်ကတော့ ဝန်ဆောင်ခ ၁၀ သိန်းယူပါတယ်။ စပို့နေပါပြီ” ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီမှ တာဝန်ရှိသူက ဆိုသည်။

လာအိုနိုင်ငံရှိ စက်ရုံ အလုပ်ရုံများတွင် တစ်လလျှင် အခြေခံအလုပ်သမားတစ်ဦးအတွက် အနိမ့်ဆုံးငွေကျပ် ၁၀ သိန်းဝန်းကျင်ရရှိနိုင်ပြီး အချိန်ပိုနှင့်အခြားခံစားခွင့်များရရှိနိုင်ကြောင်း၊ လတ်တလော စက်ရုံ၊ ဆောက်လုပ်ရေးနှင့် တရုတ်နိုင်ငံသားများ ရင်းနှီးမြှုပ်နှံထားသော စက်ရုံများက အဓိက မြန်မာအလုပ်သမားများကို ခေါ်ယူလာခြင်းဖြစ်ကြောင်း၊ ယခင်က မဲခေါင်မြစ်ကိုကူး၍ လာအိုထဲသို့ ရောက်ရှိ အလုပ်သမားအရေအတွက် သောင်းနှင့်ချီ ရောက်ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။

“တကယ်က လာအိုက မဲခေါင်မြစ်ဖြတ်ပြီးတော့ တရုတ် စက်ရုံ အလုပ်ရုံတွေ၊ ကာစီနိုတွေနဲ့ ရွှေတြိဂံထဲက အလုပ်တွေမှာ မြန်မာတွေ သောင်းနဲ့ချီ ရောက်နှင့်ပြီးသားပါ။ ဒါပေမယ့် အဲဒီမှာက မြန်မာအလုပ်သမားတွေ တော်တော်များများက အထောက်အထား စာရွက်စာတမ်းမရှိဘူး။ နယ်စပ်ဖြတ်ကျော်ပြီး သွားလုပ်ကြတာ။ အခုက MOU ထိုးတယ်ဆိုတာက ရောက်နှင့်နေပြီးသား အလုပ်သမားတွေ အခွန်ဆောင်ဖို့နဲ့ စာရွက်စာတမ်းတွေ နှစ်နိုင်ငံပူးပေါင်းပြီး ထုတ်ပေးမယ့်သဘောပဲ။ လာအိုထဲမှာ မြန်မာအလုပ်သမားတွေက ရောက်နှင့်နေပါပြီ။ အခုသွားကြမယ့် တရားဝင်လမ်းကြောင်းMOU အလုပ်သမားတွေကတော့ စာရွက် စာတမ်း အထောက်အထား တစ်ခါတည်းပါသွားမယ်။ ဟိုဘက်စက်ရုံ အလုပ်ရုံတွေက ဒီဘက်ကို ကမ်းလှမ်းပြီး တရားဝင် လှမ်းခေါ်တာမျိုး” ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီစျေးကွက်မှ လာအိုနှင့်ထိုင်းသို့ ချိတ်ဆက် ဝန်ဆောင်မှုပေးနေသူ အကျိုးဆောင်တစ်ဦးက ရှင်းပြသည်။

အာဆီယံဒေသတွင်း နိုင်ငံတစ်ခုဖြစ်သော လာအိုနိုင်ငံတွင် ၂၀၂၃ ခုနှစ်တွင် နိုင်ငံခြားသား အလုပ် သမားအရေအတွက် ၅၄၀၀၀ ရှိနေပြီး အလုပ်သမား ၂၄၀၀၀ မှာ တရားမဝင် အလုပ်လုပ်နေကြကြောင်း၊ လာအိုနိုင်ငံတွင် လုပ်ခလစာ နည်းပါးသဖြင့် လာအိုနိုင်ငံသားများမှာ ပြည်ပတိုင်းပြည်များသို့ သွားရောက် အလုပ်လုပ်ကိုင်နေကြသဖြင့် လာအိုနိုင်ငံတွင် အလုပ်သမားပြတ်လပ်မှုများရှိနေကြောင်း၊ လာအိုအစိုးရက ယခုနှစ် ဧပြီလတွင် တရား မဝင် နိုင်ငံခြားသား အလုပ်သမားများအား ဗီဇာထုတ်ပေးခြင်းနှင့် တရားဝင်နိုင်ငံခြားသား အလုပ်သမားများအတွက် အလုပ်လုပ်ခွင့် သက်တမ်းတိုးပေးခြင်းတို့ကို လွယ်ကူချောမွေ့စေမည့် အစီအမံအသစ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း လာအိုအစိုးရက တရားဝင် သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ – ပြည်ပသို့သွားရောက် အလုပ်လုပ်ကြမည့် မြန်မာအမျိုးသမီး အလုပ်သမားတချို့ကို ရန်ကုန်လေဆိပ်တွင် တွေ့ရစဉ်။ ။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ပြည်ပသို့သွားရောက် အလုပ်လုပ်ကြမည့် မြန်မာအမျိုးသမီး အလုပ်သမားတချို့ကို ရန်ကုန်လေဆိပ်တွင် တွေ့ရစဉ်။ ။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article