27 C
Yangon

တောင်သာမြို့နယ်တွင် ဂိတ်ဖွင့်ပြီး စစ်ဆေးရေး လုပ်ဆောင်နေသော စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ၃ ဦးသေဆုံး

Must read

တောင်သာမြို့နယ်တွင် ဂိတ်ဖွင့်ပြီး စစ်ဆေးရေး လုပ်ဆောင်နေသော စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ၃ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၃၁

မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် ဂိတ်ဖွင့်ပြီး စစ်ဆေးရေး လုပ်ဆောင်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်ရာ ၃ ဦးသေဆုံးခဲ့ကြောင်း TTA-People Defense Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၃၁ ရက်နေ့ နံနက် ၈ နာရီခန့်တွင် တောင်သာမြို့နယ်၊ ရုံးစင်ကြီးရဲစခန်းမှ ထွက်လာသော အင်အား ၁၅ ဦးပါ ရဲတပ်ဖွဲ့များသည် စခန်းအနီးရှိ မိတ္ထီလာ-တောင်သာ လမ်းပိုင်းတွင် ဂိတ်ချပြီး ခရီးသွားပြည်သူများ၏ ကားနှင့် ဆိုင်ကယ်များကို တားဆီး နှောက်ယှက် စစ်ဆေးနေစဉ် တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းပစ်ခတ် တိုက်ခိုက်မှု အတွင်း ရဲ ၁ ဦး ပွဲချင်းပြီး သေဆုံးပြီး ကျန် ၁ ဦးမှာ ပြင်းထန် ဒဏ်ရာဖြင့် ဆေးရုံတွင် ထပ်မံသေဆုံးခဲ့ကြောင်း၊ ထို့ပြင် နှစ်ဖက် ပစ်ခတ်မှု အတွင်း ရဲသတင်းပေး မောင်မြင့်ဆိုသူလည်း ရဲများ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ကြောင်း သိရှိရသည်။

“နံနက်ပိုင်း ၈ နာရီ ၂၀ လောက်က တောင်သာနဲ့ မိတ္ထီလာ လမ်းပေါ်မှာရှိတဲ့ တိုက်နယ်စခန်းဖြစ်တဲ့ ရုံးစင်ကြီးရဲစခန်းနဲ့ဆို မီတာ ၁၀၀၀ လောက်ဝေးတယ်ပေါ့။ အဲမှာသူတို့ အများပြည်သူသွားလာနေတဲ့ လမ်းပေါ်မှာ ဂိတ်ချစစ်ပြီးတော့ ငွေကြေး ကောက်ခံ စစ်ဆေးနေတဲ့အချိန်မှာ ကျန်တော်တို့က ပြောက်ကျားဝင်ပစ်တာပေါ့။ ဝင်ပစ်တာကတော့ ၅ မိနစ်တောင်မကြာပါဘူး။ မျက်မြင်ကတော့ ၁ ကောင်ကတော့ အဲနားမှောက်နေတယ်။ ကျန်တဲ့ တစ်ကောင်ကတော့ ဆေးရုံရောက်မှသေသွားတယ်။ ကျန်တော်တို့ လာတဲ့ အချိန်မှာ ရဲခွေးတွေရှေ့မှာ ဆိုင်ကယ်ရပ်ပြီးတော့ PDF တွေလာနေပြီလို့ ပြောတဲ့ မောင်မြင့်ဆိုတဲ့ ဒလန်ကို သူတို့ဘက်က ပစ်တဲ့ ကျည်မှန်ပြီးတော့ သေသွားတယ်။ လက်နက်တွေကတော့ မကောက်နိုင်ခဲ့ဘူး။ ၁၅ ကောင်မှာ ၃ ကောင်လောက်ပဲ လမ်းပေါ်မှာ ကျန်တဲ့ ကောင်တွေက တိုက်မြင့်ပေါ်မှာ နေရာယူထားတာဖြစ်တော့ ကျန်တော်တို့က အဲ ၃ ကောင်ကို ဝင်ပစ်ပြီးတော့ ပြန်ဆုတ်ခဲ့ရတယ်” ဟု TTA-People Defense Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် အထူးစစ်ဆင်ရေး (MDSO) ၏ တစိတ်တပိုင်းအဖြစ် ဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် နေပြည်တော် ၈၀၁ တပ်ရင်း၊ မိတ္ထီလာ ပကဖ ၊ စဥ့်ကိုင် ပကဖ ၊ တောင်သာ ပလဖ ၊ ကျောက်ပန်းတောင်း ပကဖ နှင့် ညောင်ဦးခရိုင်ရင်း ၁ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မြင်းခြံခရိုင် အထူးစစ်ဆင်ရေး (MDSO) ကို အရှိန်မြှင့် လုပ်ဆောင်ရန် “မြင်းခြံခရိုင် ထိုးစစ်မြိုင်” ကမ်ပိန်းတွင် ပြည်သူအားလုံး ပူးပေါင်း ပါဝင်ပေးရန် မေတ္တာရပ်ခံကြောင်း TTA-People Defense Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article