ဖာပွန်မြို့နယ်၊ ခေါပုတ်စခန်းသိမ်းတိုက်ပွဲတွင် ဗိုလ်ကြီး ၃ ဦးအပါအဝင် စစ်သုံ့ပန်း ၁၇ ဦး ဖမ်းဆီးရရှိပြီး စစ်သား အလောင်း ၁၄ လောင်းရရှိ
ရန်ကုန်၊ နိုဝင်ဘာ ၃
ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေ၊ ဖာပွန်မြို့နယ်၊ ခေါပုတ်စခန်းသိမ်းတိုက်ပွဲတွင် ဗိုလ်ကြီး ၃ ဦးအပါအဝင် စစ်သုံ့ပန်း ၁၇ ဦး ဖမ်းဆီးရရှိပြီး စစ်သား အလောင်း ၁၄ လောင်းရရှိကြောင်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)က သတင်းထုတ်ပြန်သည်။
အောက်တိုဘာ ၂၉ ရက်နေ့တွင် ခေါပုတ်စခန်းကို သိမ်းပိုက်ရရှိခဲ့ပြီး နိုဝင်ဘာလ ၃ ရက်နေ့အထိ ခေါပုတ်စခန်းမှ စွန့်ခွန်သွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လံရှင်းလင်းခဲ့ကြောင်း၊ အဆိုပါ စခန်းစွန့်ခွာ ထွက်ပြေးသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားရာတွင် အလောင်း ၁၄ လောင်း၊ တပ်ခွဲမှူးအဆင့် ဗိုလ်ကြီး ၃ ဦး အပါအဝင် စစ်သုံ့ပန်း ၁၇ ဦးကို လက်နက်ခဲယမ်းများနှင့်အရှင်ဖမ်းဆီးရရှိကြောင်း သိရှိရသည်။
အဆိုပါတိုက်ပွဲတွင် BPLAမှ ရဲဘော် ၁ ဦး မြင့်မြတ်စွာကျဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူတချိုလည်းရှိကြောင်း၊ ထိုသို့ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်မှုအပြီးတွင် အကြမ်းဖက်စစ်ကောင်စီ၏ 60mm ၁၁ လက်၊ RPG-7 ၃ လက်၊ 81mm ၁ လက်၊ K-3 ၉ လက်၊ မြေမြှုပ်ဗုံးတစ်လုံး၊ တိုပီတို ၁၉ ထုပ်၊ 16-နင်းမိုင်း ၁၆ လုံး၊ 14-နင်းမိုင်း ၁၀ လုံး၊ တိုက်ဗုံး ၉ လုံး၊ ဆက်သွယ်ရေးစကားပြောစက်ကြီး ၂ လုံး၊ 60mmကျည် ၁၃ တောင့်နှင့် RPG-7ကျည်ဖူး
၅ တောင့် အသီးသီးသိမ်းဆည်းရမိကြောင်း KNU မူတြော်က သတင်းထုတ်ပြန်သည်။
အကြမ်းဖက်စစ်ရှုံးကောင်စီ၏ခေါပုတ်တပ်စခန်းသည် မဟာဗျူဟာအရအရေးပါသည့်စခန်းတစ်ခုဖြစ်ကာ ၁၉၉၂ ခုနှစ်တွင်လာရောက်တပ်စွဲထားပြီးသည့်အချိန်မှစ၍ ဒေသတွင်းရှိအပြစ်မဲ့ပြည်သူများအား ညှင်းပန်းနှိပ်စက်ခြင်း၊ အကြောင်းမဲ့ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် ပေါ်တာဆွဲခိုင်းစေခြင်းများ စဥ်ဆက်မပြတ်ပြုလုပ်နေသည့်တပ်စခန်းတစ်ခုဖြစ်ကြောင်း၊ အဆိုပါခေါပုပ်တပ်စခန်းတွင် စစ်တပ်မှ ၏လူအင်အား ၁၀၀ ကျော်ခန့်ရှိကြောင်း သိရှိရသည်။