ကန့်ဘလူ၊ ဇီးကုန်းမြို့ကို စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး ဒေသပြည်သူများကို ဖမ်းဆီး၍ လက်ဆည်ရပ်ကွက်ကို မီးရှို့ ဖျက်ဆီးနေ
ရန်ကုန်၊ နိုဝင်ဘာ ၅
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး ဒေသ ပြည်သူများကို ဖမ်းဆီး၍ လက်ဆည်ရပ်ကွက်ကို မီးရှို့ ဖျက်ဆီးနေကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ယနေ့ နိုဝင်ဘာလ ၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ကာဘိုးရွာတွင် စစ်တပ် အထိုင်စခန်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဇီးကုန်းမြို့ပေါ်ကို ဝင်ရောက် စီးနင်းပြီး ဒေသပြည်သူများကို ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ကြောင်းသည် ဇီးကုန်းမြို့ပေါ်ကို ရောက်ရှိလာပြီးနောက် မွန်းလွဲ ၃ နာရီ ၅၀ မိနစ်ခန့်မှ စတင်၍ လက်ဆည်ရပ်ကွက်ကို စတင်မီးရှို့ဖျက်ဆီးခဲ့ပြီး ဖမ်းဆီးခံထားရသည့် ပြည်သူအရေအတွက်နှင့် နေအိမ် ဆုံးရှုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။
“ပြည်သူတွေ ဖမ်းခံရတယ်လို့တော့ သိရတယ်။ ကျန်တော်တို့ ဆက်လက် စုံစမ်းနေတယ်။ ဘာမှ အတည်မပြုနိုင်သေးဘူး။ မီးရှို့ခံရတဲ့ နေအိမ်စာရင်းတော့ အတိအကျ မသိနိုင်သေးဘူး။ ဇီးကုန်းမြို့က စစ်တပ် ထိန်းချုပ်ထားတုန်း လွတ်မြောက်နယ်မြေ မဟုတ်သေးတဲ့ အတွက်ကြောင့် ကျန်တော်တို့ အတည်ပြုနိုင်ဖို့ ခက်နေတယ်” ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။