28 C
Yangon

ကျွန်းလှ၊ ဘအင်းသရက်တောရွာမှ ပြည်သူ ၂ ဦးကို စစ်တပ်က ရိုက်နှက် သတ်ဖြတ်ပြီး ၃ ဦးကို ဖမ်းဆီး၊ နေအိမ်များကိုလည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့

Must read

ကျွန်းလှ၊ ဘအင်းသရက်တောရွာမှ ပြည်သူ ၂ ဦးကို စစ်တပ်က ရိုက်နှက် သတ်ဖြတ်ပြီး ၃ ဦးကို ဖမ်းဆီး၊ နေအိမ်များကိုလည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့

ရန်ကုန်၊ နိုဝင်ဘာ ၉

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ဘအင်းသရက်တောရွာမှ ပြည်သူ ၂ ဦးကို ရိုက်နှက် သတ်ဖြတ်ပြီး ပြည်သူ ၃ ဦးကို ဖမ်းဆီးသွားကာ နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၆ ရက်နေ့ ည ၇ နာရီအချိန် ကန့်ဘလူ ၆၀၀၆ တင့်ကားတပ်ရင်းတပ်မှ ကျွန်းလှမြို့သို့ ကား ၂ စီးဖြင့် ရောက်ရှိလာ‌သည့် အင်အား ၇၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ကျွန်းလှမြို့မှ ပျူစောထီးများ၊ ပေကုန်းရွာမှ ပျူစောထီးများနှင့် ပူးပေါင်း၍ စုစုပေါင်း အင်အား ၁၂၀ ခန့်ဖြင့် ကံပေါက်တောကျောင်းမှတဆင့် ဘအင်းသရက်တောရွာသို့ ဝင်ရောက် စီးနင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် နိုဝင်ဘာလ ၈ ရက်နေ့ နံနက် ၉ နာရီ ၁၇ မိနစ်ခန့်တွင် ဘအင်းသရက်တောရွာကို ဝင်ရောက် စီးနင်းခဲ့ခြင်းဖြစ်ပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီး၍ ကျေးရွာနေပြည်သူ အမျိုးသား ၂ ဦးကို ရိုက်နှက် သတ်ဖြတ်ပြီး ပြည်သူ ၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“နံနက် ၉ နာရီလောက်မှာ စစ်ကြောင်းက တိတ်တဆိတ် ရွာထဲကို ဝင်လာတာ ဘယ်သူမှ မသိလိုက်ဘူး။ အသံကြားမှ ပြေးကြလွှားကြရတာဆိုတော့ ဘာပစ္စည်းမှ မသယ်နိုင်ဘူး။ ကိုယ်လွတ်ပြေးရတာ ဖမ်းခံရတဲ့ ၅ ယောက်ထဲမှာ မိန်းကလေးတွေရောပါတယ်။ အမည်တွေတော့မသိဘူး။ ဖမ်းခံရတဲ့ ၅ ဦးထဲကမှ ကောင်လေး ၂ ယောက်ကို ရိုက်သတ်ထားခဲ့တာ ရွာက မနှစ်ကလည်း မီးရှို့ခံထားရတာ တရွာလုံးနီးနီးပဲ အခုထပ်ရှို့တာနဲ့ဆို ပြန်ဆောက်တာလေးတွေရော အကုန်ရှို့ခံရပြီထင်ပါတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

စစ်တပ်က ဝင်ရောက်စီးနင်းသော ဘအင်းသရက်တောရွာသည် တောင်ယာဆိပ်ကျေးအုပ်စုတွင် ပါဝင်ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် မြင်သာဦးရွာမှ နေအိမ် ၂၁ လုံး၊ဘအင်းသရက်တောရွာမှ နေအိမ် ၃၃ လုံး၊ အောင်ရန်ကင်းရွာမှ နေအိမ် ၅၁ လုံးနှင့် တောင်ယာဆိပ်ရွာမှ နေအိမ် ၂၂ လုံး စုစုပေါင်း နေအိမ် ၁၂၇ လုံး ဆုံးရှုံးထားသော အုပ်စုရွာဖြစ်ကြောင်း သိရသည်။

ယင်းစစ်ကြောင်းသည် ဘအင်းသရက်တောရွာကို မီးရှို့ဖျက်ဆီးပြီးနောက် ပြည်သူ ၃ ဦးကို ဖမ်း ဆီး၍ ညနေ ၅ နာရီခန့်တွင် ပေကုန်းရွာမှတဆင့် ကျွန်းလှမြို့သို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရှိရသည်။

ဓာတ်ပုံ-စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာများကို စစ်တပ်က မီးရှို့ဖျက်ဆီးနေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article