ရန်ကုန်၊ နိုဝင်ဘာ ၁၂
မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ ရှမ်းတဲ လေတပ်စခန်းကို ဒရုန်း ၂၄ စီးဖြင့် တိုက်ခိုက်ရာ Y-12 လေယာဉ် ၂ စီး ထိခိုက်ပျက်စီးပြီး အရာရှိ ၂ ဦ.အပါအဝင် စစ်ကောင်စီ တပ်သား ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပကဖ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောဆိုသည်။
နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက်အစာပိုင်း မိတ္ထီလာ ရှမ်းတဲ လေတပ်စခန်းများဖြစ်သော လေကြောင်းအတတ်သင် အရာရှိ အိမ်ရာ ၊ ခဲယမ်းသိုလှောင်ရုံ၊ လေကြောင်းထုတ်လုပ် အရာရှိ ရိပ်သာ ၊ တပ်မတော်အကြီးစားစက်ရုံ ၁၀ အရာရှိရိပ်သာ ၊ ရေဒါ စခန်းနှင့် တပ်မ ၉၉ တို့ကို တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်း ၂၄ စီးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှု အတွင်း ထိခိုက်ပျက်စီးမှု အများဆုံးသည် ရှမ်းတဲလေတပ်နှင့် ထိစပ်လျက်ရှိတဲ့ ထုတ်လုပ်ရေး တပ်များဖြစ်ပြီး Y-12 စစ်လေယာဉ် ၂ စီး ထိခိုက်ပျက်စီးမှု ရှိခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်၏ ထုတ်လုပ်ရေး အဆောက်အဦ ၂ လုံးလည်း ထိခိုက် ပျက်စီးခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် စစ်တပ်ဘက်မှ အရာရှိ ၂ ဦး နှင့် တပ်သား ၄ ဦး ထက်မနည်း ထိခိုက်ခဲ့ပြီး တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဖုန်းများကို သိမ်းယူပြီး လေတပ်စခန်းဝင်းအတွင်းရှိ သူများအားလုံးကို ပြင်ပနှင့် အဆက်အသွယ်ဖြတ်ရန် ကြိုးစားခဲ့ကြောင်း၊ မီးသတ်ကား ၂ စီးလည်း လေတပ်ဝင်းအတွင်း ဝင်ရောက်ခဲ့ပြီး မီးငြိမ်းသတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မိတ္ထီလာမြို့နယ် ပကဖ၊ မိတ္ထီလာ ပကဖ ဒရုန်းတပ်ဖွဲ့၊ မိတ္ထီလာခရိုင် တပ်ရင်း (၃)၊ ၁၈၂၅ စစ်ကိုင်းခရိုင် ဒရုန်းတပ်ဖွဲ့၊ မြင်းခြံခရိုင် တပ်ရင်း ၈ နဲ့ အမည်မဖော်လိုတဲ့ ပူးပေါင်းမဟာမိတ်အဖွဲ့များက အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ထောက်ပံ့ကူညီမှု၊ ရှာထူးဝေါ် နည်းပညာ အဖွဲ့၏ နည်းပညာပိုင်း အကူအညီနှင့် ရွှေလင်းယုန် Drone အထူးစစ် ဆင်ရေး အဖြစ် ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ – မိထ္တီလာ လေကြောင်းအတတ်သင်လေတပ်စခန်းဌာနချုပ်သို့ ရောက်ရှိခဲ့သော အကြမ်းဖက်မင်းအောင်လှိုင်။ (ပုံအဟောင်းဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar