32 C
Yangon

ရခိုင်ပြည်တွင် “စစ်ကောင်စီတပ်ဖွဲ့ဝင်များ အားလုံး အလုံးစုံချုပ်ငြိမ်းစေရေး” AA က ဆက်လက်ဆောင်ရွက်မည်ဟု ကြေညာ

Must read

🟥 ၁ နှစ်အတွင်း မြို့နယ် ၁၂ ခုသိမ်းပိုက်ထားပြီး အမ်း၊ တောင်ကုတ်၊ ဂွ နှင့် မောင်တောတို့ကို သိမ်း ပိုက်ရန် လက်တစ်ကမ်းအလိုရောက်ရှိ

ရန်ကုန်၊ နိုဝင်ဘာ ၁၄

ရခိုင်ပြည်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များအားလုံး အလုံးစုံချုပ်ငြိမ်းစေရေး AA က ဆက်လက် အကောင်အထည်ဖော်နေကြောင်း တရားဝင် ကြေညာလိုက်သည်။

ရခိုင်ဒေသတွင် တိုက်ပွဲများ ၁ နှစ်ပြည့်သည့် ယမန်နေ့တွင် AA က ယင်းကဲ့သို့ ထုတ်ပြန်ကြေညာလိုက်ခြင်းဖြစ်ပြီး ၁ နှစ်ပြည့်သည့်အချိန်အထိ တိုက်ပွဲအရှိန်သည် လျော့ကျ သွားခြင်းမရှိဘဲ တိုက်ပွဲများမှာ နေ့စဉ်နှင့်အမျှ ဆက်လက်ပြင်းထန်လျက်ရှိကြောင်း၊ အာရက္ခဒေသနေ ပြည်သူလူထုနှင့် အာရက္ခတပ်တော်၏ အဓိက ရည်မှန်းချက်တစ်ခုဖြစ်သော အာရက္ခဒေသတွင်းရှိ “စစ်ကောင်စီတပ်ဖွဲ့များအားလုံး အလုံးစုံချုပ်ငြိမ်းစေရေး” ကို AA ဆက်လက် အကောင်အထည်ဖော်လျက်ရှိကြောင်း AA က ထုတ်ပြန်ကြေညာသည်။

ရခိုင်ဒေသတွင် တိုက်ပွဲကာလမှာ ၁ နှစ်တိတိ ပြည့်မြောက်ခဲ့ပြီးဖြစ်သော်လည်း ထိုးစစ်စတင်သည့်ရက်မှ ၁ နှစ်ပြည့်သည်အထိ တစ်ရက်မှ တိုက်ပွဲရပ်တန့်ခြင်း မရှိဟု ဆိုရလောက်သည်အထိ AA၏ ရက်ဆက်ထိုးစစ်များ၊ မြို့သိမ်းတိုက်ပွဲများနှင့်အတူ စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ ခုခံစစ်၊ တန်ပြန်ထိုးစစ်များကြောင့် တိုက်ပွဲများမှာ အာရက္ခ နှင့် ပလက်ဝဒေသ တစ်ခွင်လုံး၌ ပြင်းထန်ခဲ့ကြောင်း သိရှိရသည်။

အာရက္ခဒေသတစ်ခုလုံး အာရက္ခပြည်သူ့လက်ထဲသို့ အမြန်ဆုံးရောက်ရှိစေရေး၊ စစ်ကောင်စီတပ်ဖွဲ့ဝင် များ ကင်းစင်ရေး အစရှိသည့် ရည်မှန်းချက်များအတွက် ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီ၏ လက်ကျန် စခန်းများကို အာရက္ခတပ်တော်မှ တစ်ခုပြီးတစ်ခု ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း၊ ထို့ကြောင့် အပြီးသတ် သိမ်းပိုက်ရန် လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေပြီဖြစ်သော အမ်း၊ တောင်ကုတ်၊ ဂွ နှင့် မောင်တောမြို့များ၌ တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိကြောင်း၊ မောင်တောမြို့တွင်မူ မောင်တောမြို့တစ်ခုလုံးအား သိမ်းပိုက် ရယူထားနိုင်ပြီဟု ပြော၍ရသော်လည်း မြို့၏အပြင်စပ်၌ရှိသော နယ်ခြားစောင့် အမှတ် ၅ /နခခ ၅ စခန်း တစ်ခုသာကျန်ရှိနေပြီး အဆိုပါစခန်းအား ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်ကြောင်း သိရှိရသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့တွင် ကိုးကန့်၊ တအာင်း၊ ရက္ခိုင် ပါဝင်သော ညီနောင်မဟာမိတ် (၃) ဖွဲ့တို့သည် ရှမ်းမြောက်တွင် “၁၀၂၇ စစ်ဆင်ရေး” ကို ဟန်ချက်ညီစတင်ခဲ့ကြကြောင်း၊ ထို့အတူ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) အဖွဲ့သည် “၁၁၁၁ စစ်ဆင်ရေး” အမည်ဖြင့် ကရင်နီ ဒေသအတွင်း၌ စစ်ဆင်ရေးကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၁) ရက်နေ့မှစတင်၍ အရှိန်အဟုန်မြှင့်ခဲ့ကြောင်း၊

ဤကဲ့သို့သော စစ်ဆင်ရေးလှိုင်းလုံးကြားတွင် နွေဦးတော်လှန်ရေးထဲမှ ပေါက်ဖွားလာကြသော တော်လှန်ရေးအဖွဲ့အစည်းအချို့တို့သည် အတူပူးတွဲပါဝင်ကြသကဲ့သို့ ၎င်းတို့၏ နယ်မြေ၊ ဒေသများ၌လည်း ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီ၏ စခန်းကြီး၊ စခန်းငယ်၊ ရဲစခန်းများ၊ ကာကင်းစခန်းများအပါအဝင် စစ်ကောင်စီ၏ စစ်ရေးအရအားနည်းသောနေရာများကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြကြောင်း ၊ အထူးသဖြင့် စခန်းသိမ်းတိုက်ပွဲများမှတစ်ဆင့် မြို့သိမ်းတိုက်ပွဲအဆင့်သို့ တက်လှမ်းခဲ့ကြသော ထိုးစစ်ဆင်တိုက်ပွဲများဖြစ်ကြသည့်အလျောက် အကြမ်းဖက်စစ်ကောင်စီ၏ တပ်ရင်း၊ တပ်မ၊ ဗျူဟာ၊ စကခဌာနချုပ်၊ ဒကစဌာနချုပ်၊ တိုင်းစစ်ဌာနချုပ်များကို တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများက သိမ်းပိုက်ရယူနိုင်ခဲ့ကြကြောင်း၊ တနည်းဆိုသော် တော်လှန်ရေးအဖွဲ့များ၏ စစ်ရေးရည်မှန်းချက်များမှာ အတိုင်းအတာတစ်ခုအထိ အထမြောက် အောင်မြင်ခဲ့သည်ဟု ပြော၍ရကြောင်း AA က ပြောသည်။

အာရက္ခ နှင့် ပလက်ဝဒေသများ၌ စစ်ဆင်ရေးစတင်သည်နှင့်တစ်ပြိုင်နက်တည်းတွင် AA က နဂိုသတ်မှတ်ထားသော ရန်သူ့ပစ်မှတ်များကို မဟာဗျူဟာမြောက် အလစ်အငိုက် ထိုးစစ်ဆင် တိုက်ခိုက်နိုင်ခဲ့ပြီး ရန်သူ၏ အားနည်းချက်ကို အပြည့်အဝရယူနိုင်ခဲ့သောကြောင့် အချိန်တိုတိုအတွင်း ယခုကဲ့သို့ အောင်မြင်မှု ရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ အခြားတစ်ဖက်တွင် ကျယ်ပြန့်သော နိုင်ငံအနှံ့ စစ်မျက်နှာပြင်ထက်တွင် စစ်ကောင်စီအား ဘုံရန်သူအဖြစ်သတ်မှတ်ထားသော ဘုံရည်မှန်းချက်တူညီသည့် ဘဝတူ တော်လှန်ရေးအဖွဲ့အစည်းများမှ တစ်ပြိုင်နက်တည်း (သို့) ရှေ့ဆင့်နောက်ဆင့် ဟန်ချက်ညီ တိုက်ခိုက်နိုင်ခဲ့ကြကြောင်း၊ ယခုအချိန်အထိလည်း ပြောက်ကျားစစ်၊ ထိုးစစ်များနှင့် မြို့သိမ်းတိုက်ပွဲများမှာ မြန်မာနိုင်ငံအနှံ့ရှိနေဆဲဖြစ်ကြောင်း AA က ပြောဆိုသည်။

လက်ရှိတွင် AA က ပလက်ဝဒေသ၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ မြေပုံ၊ ‌ပေါက်တော၊ သံတွဲ နှင့် ကျိန္တလီမြို့များရှိ စစ်တပ်စခန်းအားလုံးကို စစ်ဆင်ရေး ၁ နှစ် မပြည့်မီကာလအတွင်း သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့ တွင် စခန်းတစ်ခုမကျန် အပြီးသတ်သိမ်းပိုက်လိုက်နိုင်ပြီးနောက် ပလက်ဝဒေသသည် “စစ်ကောင်စီ ကင်းစင် သောနယ်မြေ” ဖြစ်လာခဲ့ကြောင်း၊ ဆက်လက်၍ ရက္ခိုင်-ဘင်္ဂလာနယ်စပ် တစ်လျှောက်ရှိ စစ်တပ်၏ အချက်အချာ ကျသော စခန်းကုန်းကြီးများ၊ တပ်စခန်းကြီး/ငယ်များနှင့် နယ်ခြားစောင့်တပ်စခန်းများအားလုံးကို မိမိတို့မှ စခန်းတစ်ခုပြီးတစ်ခု တိုက်ခိုက်သိမ်းပိုက်ရယူနိုင်ခဲ့ကြောင်း သိရှိရသည်။

AA ၏ မြို့သိမ်းတိုက်ပွဲများအဖြစ် ယခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ပလက်ဝဒေသတစ်ခုလုံးအား လည်းကောင်း၊ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ပေါက်တောမြို့အား လည်းကောင်း၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ကျောက်တော်မြို့အား လည်းကောင်း၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် မြေပုံမြို့အား လည်းကောင်း၊ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် မြောက်ဦးမြို့အား လည်းကောင်း၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် မင်းပြားမြို့အား လည်းကောင်း၊ မတ်လ ၄ ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့အား လည်းကောင်း၊ မတ်လ ၁၁ ရက်နေ့တွင် ရမ်းဗြဲမြို့အား လည်း ကောင်း၊ မတ်လ ၁၇ ရက်နေ့တွင် ရသေ့တောင်မြို့အား လည်းကောင်း၊ မေလ ၁၈ ရက်နေ့တွင် ဘူးသီးတောင်မြို့အား လည်းကောင်း၊ စက်တင်ဘာလ ၅ ရက်နေ့တွင် သံတွဲမြို့အား လည်းကောင်း အသီးသီး သိမ်းပိုက်ခဲ့ကြကြောင်း သိရှိရသည်။

အမ်းမြို့နယ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် စစ်ကောင်စီ၏ တပ်စခန်းများအနက်မှ

၁။ ခမရ (၃၇၃)-အမှတ် (၃၇၃) ခြေမြန်တပ်ရင်း

၂။ အမတ (၃၇၄)-အမှတ် (၃၇၄) အမြောက်တပ်ရင်း

၃။ လလစ (၇၅၇)-အမှတ် (၇၅၇) လျှပ်စစ်အလုပ်ရုံတပ်ခွဲ

၄။ စနခ (၃၄၅)-အမှတ် (၃၄၅) စစ်လက်နက်ပစ္စည်းတပ်ခွဲ

၅။ တစသ (၈)- အမှတ် (၈) တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း

၆။ တဆရ(၂/၃၀၀)-အမှတ်-၂ /ကုတင် ၃၀၀ တပ်မတော်စစ်ဆေးရုံ

၇။ လကရ-လေကြောင်းရန်ကာကွယ်ရေးတပ်

၈။ စရဖ-စစ်ဖက်ရေးရာလုံခြုံရေးတပ်တို့ကို AA က သိမ်းပိုက်ရရှိခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

ဆက်လက်၍ အမ်းတွင် ကျန်ရှိသော စစ်ကောင်စီ၏

(၁) နပခ-အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်

(၂) ဆလအခွဲ (၉၄၆) – အမှတ် (၉၄၆) ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ

(၃) ခမရ (၃၇၁) -အမှတ် (၃၇၁) ခြေမြန်တပ်ရင်း

(၄) ခမရ (၃၇၂) – အမှတ် (၃၇၂) ခြေမြန်တပ်ရင်း

(၅) လလစ (၇၅၇/၂) – အမှတ် (၇၅၇/၂) လျှပ်စစ်အလုပ်ရုံတပ်ခွဲ

(၆) ထပခ (၉၂၆) – အမှတ် (၉၂၆) ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ခွဲ

(၇) ဆသလ (၉) – အမှတ် (၉) ဆက်သွယ်ရေးလုံခြုံမှုတပ်ရင်း

(၈) အဆရ (၈) – အမှတ် (၈) အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း

(၉) တထခ (၁၀) – အမှတ် (၁၀) တပ်ထိန်းတပ်ခွဲ

(၁၀) စအရ (၉၁၉) – အမှတ် (၉၁၉) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းများကို ထိုးစစ်ဆင်တိုက်ခိုက်လျက် ရှိကြောင်း၊ အမ်း၊ နပခဌာနချုပ်ရှိရာ ပတ်ဝန်းကျင်၌ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ – အမ်းမြို့နယ်တွင် AA က သိမ်းပိုက်ထားသော စစ်ကောင်စီ၏ တပ်ရင်းတပ်ဖွဲ့များ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article