နောင်ချိုမြို့ကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရ
ရှမ်းပြည်နယ်၊ နောင်ချိုမြို့ကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA က ပြောဆိုသည်။
နိုဝင်ဘာလ ၁၃ ရက်နေ့ ည ၆ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က နောက်ချိုမြို့ရှိ တရားရုံးနှင့် ရဲစခန်း အနောက်ဘက်တို့ကို ပေါင် ၃၀၀ ဗုံး ၂ လုံးဖြင့် လာရောက်ကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း အမျိုးသား ၄ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး တရားရုံးအပြင် နေအိမ် ၃ လုံးနှင့် အိမ်စီးကားများလည်း ထိမှန် ပျက်စီးခဲ့ကြောင်း သိရှိရသည်။
နိုဝင်ဘာလ ၁၂ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က နောင်ချိုမြို့မ စျေးရပ်ကွက်ရှိ ခရီးသည် စည်ကားနေသည့် လန်းဆန်းလက်ဖက်ရည်ဆိုင်ကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ခရီးသွား ပြည်သူ ၁၁ ဦး သေဆုံးခဲ့ပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် နေအိမ် ၁၄ လုံး၊ စျေးဆိုင်ခန်း ၁၃ ခန်းလည်း ထိခိုက်ပျက်စီးခဲ့ပြီး အိမ်စီးကားနှင့် ခရီးသည်ယာဥ်များ အပါအဝင် စုစုပေါင်းကား ၇ စီး မီးလောင် ပျက်စီးခဲ့ကြောင်း သိရှိရသည်။