26 C
Yangon

ဖားကန့်မြို့နယ်၊ မော်မောင်းကုန်းရွာရှိ KBC ကချင်နှစ်ခြင်း ဘုရားကျောင်းကို စစ်တပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်၊ KIA ကလည်း စစ်ရဟတ်ယာဉ်ကို ပြန်လည် ပစ်ခတ်

Must read

ဖားကန့်မြို့နယ်၊ မော်မောင်းကုန်းရွာရှိ KBC ကချင်နှစ်ခြင်း ဘုရားကျောင်းကို စစ်တပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်၊ KIA ကလည်း စစ်ရဟတ်ယာဉ်ကို ပြန်လည် ပစ်ခတ်

ရန်ကုန်၊ နိုဝင်ဘာ ၁၇

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မော်မောင်းကုန်းရွာရှိ KBC ကချင်နှစ်ခြင်းဘုရားကျောင်း အကြမ်းဖက် စစ်တပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး KIA ကလည်း စစ်ရဟတ်ယာဉ်ကို ပြန်လည် ပစ်ခတ်ခဲ့ကြောင်း ဒေသတွင် စစ်ရေး သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။

ယမန်နေ့ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် မော်မောင်းကုန်းရွာရှိ ကချင်နှစ်ခြင်းဘုရားကျောင်းကို အကြမ်းဖက် စစ်တပ်က Mi-35 ရဟတ်ယာဉ်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး KIA ကလည်း မြေပြင်မှ စစ်ရဟတ်ယာဉ်ကို ပြန်လည် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ဘုရားကျောင်း ထိခိုက်ပျက်စီးမှုရှိပြီး ပြည်သူများထိခိုက်မှု ရှိ၊ မရှိကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

“ဘုရားကျောင်းက KBC ကချင်နှစ်ခြင်း ဘုရားကျောင်း မော်မောင်းကုန်းဘုရားကျောင်းမှာ အဲဒီမှာ နည်းနည်း ထိတာတွေ ရှိတယ်။ မနေ့က သူတို့ လေယာဉ် တစ်ခါပဲ လာတယ်။ သမကုန်းကို တစ်စီးက လာချတယ်။ Mi 35 က အပေါ်ကနေ ဝဲပေးတာပေါ့။ ဝဲပေးတဲ့အချိန် အပြန်အလှန်ပစ်ကြတာပေါ့။ ဒီဘက် KIA ဘက်နေလည်း သူတို့လေယာဉ်ကို လှမ်းပစ်တယ်။ လေယာဉ်ပေါ်ကလည်း ပြန်လှမ်းပစ်တာပေါ့။ အပြန်အလှန်ပစ်တော့ မောင်းမောင်းကုန်းရွာဘက်ကို ကျတာလို့ သိရတယ်” ဟု ဒေသတွင်း စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် ဖားကန့်မြို့နယ်၊ ဆယ်ဇင်းရွာ တစ်ဘက်ခြမ်းရှိ ဟုမ္မလင်း ဘက်တွင်လည်း တိုက်ပွဲများ တောက်လျှောက်ဖြစ်ပွားနေပြီး ပန်ချယ်ရွာနှင့် ရွှေသွေးရွာ လမ်းဆုံတွင်လည်း အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေးအဖွဲ့များ တိုက်ပွဲ ပြင်းထန်နေကြောင်း သိရှိရသည်။

“ဆယ်ဇင်း ဟိုဘက်ခြမ်း ဟုမ္မလင်းဘက် ဥရုချောင်း ဘက်ခြမ်းပေါ့။ အဲဒီဘက်တွေက တောက်လျှောက် တိုက်ပွဲတွေ ရှိနေတာ ဒီတပ်မဟာ ၉ ရင်း ၂၆ နယ်မြေပေါ့။ ဆယ်ဇင်း ဟိုဘက်ခြမ်း စစ်ကိုင်းဘက်ခြမ်း ပန်ချယ်နဲ့ ရွှေသွေးလမ်းဆုံမှာလည်း နိုဝင်ဘာ ၁၄ ရက်လောက်ကနေ စစ်ကောင်စီနဲ့ ပြည်သူ့စစ် ပူးပေါင်းအဖွဲ့နဲ့ ဒီ KIA ပူးပေါင်းအဖွဲ့နဲ့ တိုက်ပွဲ ပြင်းထန်နေတယ်။ နိုဝင်ဘာ ၁၅ ရက်နေ့ကလည်း လေယာဉ်နဲ့ ဗုံးလာကျဲသွားတယ်။ တိုက်ပွဲတောက်လျှောက်ဖြစ်နေတယ်။ ဆယ်ဇင်းဟိုဘက်ခြမ်း ဟုမ္မလင်းဘက်ခြမ်းမှာလည်း တိုက်ပွဲ အတော်ပြင်းထန်နေတယ်” ဟု ဒေသတွင်း စစ်ရေးအရင်းအမြစ်က ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article