ချောက်မြို့နယ်၊ ဆည်ကန်ကျေးရွာအနီးတွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂၀ ဝန်းကျင်ခန့်သေဆုံးနိုင်ဟုဆို
မကွေးတိုင်း၊ ချောက်မြို့နယ်၊ ဆည်ကန်ကျေးရွာအနီးတွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို မိုင်း ဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ခန့်သေဆုံးခဲ့ကြောင်း ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ချောက် ပကဖ) တာဝန်ခံ ယူစီ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် ၈ နာရီခန့်အချိန် ချောက်မြို့နယ်၊ ဆည်ကန်ကျေးရွာအနီးရှိ Chauk Guerrilla Force C.G.F (ချောက်မြို့နယ်ပြောက်ကျားတပ်ဖွဲ့) နှင့် ချောက်မြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ (ချောက် ပကဖ) တို့ ပူးပေါင်း အထိုင်ချထားသော ယာယီ စခန်းကို အင်အား ၈၀ ခန့်ဖြင့် လာရောက်ဝိုင်းဝန်းတိုက်ခိုက်သည့် အကြမ်းဖက်စစ်သားများအား ကြိုတင် ပြင်ဆင်ထားသော နင်း မိုင်း ၊ တိုက်မိုင်း ၊ ဆွဲမိုင်း ၊ အဝေးထိန်းမိုင်းများဖြင့် ပြန်လည်ခုခံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂၀ ခန့်သေဆုံးပြီး ၃၀ ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ချောက်မြို့ကနေကထွက်လာတာ၊ ကျနော်တို့စခန်းကို ဝင်စီးမယ်ဆိုတာ သတင်းကြိုရတာတာပေါ့၊ သတင်းကြိုရတဲ့အတွက် မိုင်းတွေသေချာထောင်ထားတယ်၊ မိုင်းတွေအသက်သွင်းထားတယ်၊ သူတို့ ဝင်တဲ့အချိန်မှာ အလစ်အငိုက်မိုင်းဆွဲတိုက်ခိုက်တယ်။ စခန်းထဲမှာထောင်ထားတဲ့ အော်တိုမိုင်းတွေက လည်းကွဲတယ်။ ပေပါမိုင်းတွေပါကွဲတာ၊ အဲဒါကြောင့် ထိခိုက်သေဆုံးမှုများပြားတာကို မျက်မြင်တွေ့ ခဲ့ရတာ၊ အဲလိုမိုင်းဆွဲပြီးတော့ ၈ နာရီ ၁၅ မိနစ်လောက်မှာ ကျနော်တို့ဘက်က ဆုတ်ပေးလိုက်တာ၊ ရင်ဆိုင်တိုက်ပွဲမလုပ်တော့ပဲ တပ်ဆုတ်ပေးလိုက်တာပါ။” ဟု ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ချောက် ပကဖ) တာဝန်ခံ ယူစီ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ စခန်းမှ ဆုတ်ခွာပေးပြီးနောက် အကြမ်းဖက်စစ်သားများသည် ဆည်ကန်ကျေးရွာအနီးတဝိုက်တွင် စခန်းချဆက်လက်နေထိုင်နေသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များပူးပေါင်းပြီး ၈၀ မမ လက်နက်ကြီးဖြင့် နိုဝင်ဘာလ ၁၄ ရက် ညနေ ၄ နာရီခန့်တွင် သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက် အတိအကျသိရှိရခြင်းမရှိ ကြောင်း သိရသည်။
“ကျနော်တို့စခန်းပတ်ချာလည်နဲ့ ရွာပတ်ချာလည်မှာဆက်ရှိနေတာ၊ ဒဏ်ရာရသူတွေကို ဆေးကုသ နေတာ၊ စစ်ကြောင်းဆွဲထုတ်ဖို့ရယ်၊ ပြန်လုပ်ဖို့ရယ် စီစဉ်နေကြတာပေါ့၊ အဲဒါကြောင့် ၈၀ မမနဲ့လှမ်း ပစ်တာ၊ အဲဒီမှာလည်း ထိခိုက်သေဆုံးမှုရှိတယ်လို့ သတင်းရထားတယ်၊ အဝေးကနေ လှမ်းပစ်ရတာ ရယ်၊ အနီးတိုက်ပွဲမဆင်နွှဲနိုင်တာရယ်ကြောင့် အတိအကျတော့ မသိရဘူး။ ကျနော်တို့ဘက်ကရဲ ဘော်တွေအားလုံး အထိအခိုက်မရှိပါဘူး” ဟု ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ချောက် ပကဖ) တာဝန်ခံယူစီ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို Chauk Guerrilla Force (C.G.F) နှင့် ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ချောက် ပကဖ) ၊ အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့ နှင့် ရေနံချောင်း ဖေကံကောင်းအဖွဲ့ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။