ရေဦးတွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်က ရွာဗုကြီးရွာမှ ပြည်သူ ၃ ဦးနှင့် ပန်းကုံး-မူးဆုံး ရွာထိပ်မှ ပြည်သူ ၁ ဦးကို သတ်ဖြတ်ခဲ့ပြီး ကျေးရွာ ၆ ရွာကို မီးရှို့ဖျက်ဆီး
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ရွာဗုကြီးရွာမှ ပြည်သူ ၃ ဦးနှင့် ပန်းကုံး-မူးဆုံး ရွာထိပ်မှ ပြည်သူ ၁ ဦးကို သတ်ဖြတ်ခဲ့ပြီး ကျေးရွာ ၆ ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြား ရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၁၆ ရက်နေ့မှ စ၍ ရေဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အင်အား ၁၈၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက မုံတိုင်ပင်ရွာ၊ ဆီဆုံရွာ၊ ရွာဗုကြီးရွာ၊ ကြို့ထိမ်းရွာ ၊ ကလဇင်ရွာနှင့် တပ်သစ်ရွာ တို့ကို ဆက်တိုက် ဝင်ရောက် စီးနင်းမီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရွာဗုကြီးရွာကို ဝင်ရောက် စီးနင်းစဉ် ကျေးရွာအတွင်း ဖမ်းဆီးခံရသော ပြည်သူ ၃ ဦးကို သတ်ဖြတ်ခဲ့ပြီး ပန်းကုံး-မူးဆုံး ရွာထိပ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ရွာထိပ်ရှိ ဈေးဆိုင်ပေါ် ကျရောက် ပေါက်ကွဲပြီး အမျိုးသမီး ၁ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။
“ရေဦးမြို့နယ်မြောက်ဘက်ခြမ်းကို စစ်ကြောင်းထိုးနေတဲ့ ခွေးတွေက ရွာဗုကြီးရွာထဲမှာ သတ်ဖြတ်ခဲ့တာ ၃ ဦးထက်မနည်းရှိတယ်။ မနေ့က ကျေးရွာတွေကို မီးရှို့ ဖျက်ဆီးနေစဥ်မှာပဲ တိုက်ခိုက်ရေး ဒရုန်း ၂ စီးနဲ့ ပန်းကုံးရွာ ဗိုလ်ရုံရွာတို့ဘက်ကို ဗုံးသီး ၆ လုံးထက်မနည်းကျဲချ တိုက်ခိုက်ခဲ့တယ်။ ဒရုန်းနဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် ပန်းကုံး-မူးဆုံ ရွာထိပ်မှာရှိတဲ့ စျေးဆိုင်ပေါ်တည့်တည့်ကျလို့ အမျိုးသမီးကြီး ၁ ဦး သေဆုံးခဲ့တယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြား ရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် တန့်ဆည်နှင့် ကန့်ဘလူ မြို့နယ် အစပ်ရှိ အက်တောရွာ၊ သဲကုန်းရွာနှင့် ကာဘိုးအနီး ရောက်နေပြီး ရေဦးမြို့နယ်အတွင်းမှ ပြန်လည် ဆုတ်ခွာသွားကြောင်း၊ စစ်ရှောင်ပြည်သူများသည် လက်ရှိချိန်ထိ ကျေးရွာအတွင်း ပြန်လည် ဝင်ရောက် နိုင်ခြင်းမရှိသေးကြောင့် ပျက်စီးဆုံးရှုံးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
Photo – စစ်ကိုင်းတိုင်း အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေစဉ် (ပုံအဟောင်းဖြစ်သည်