30 C
Yangon

အကြမ်းဖက်စစ်ကောင်စီက စက်သုံးဆီခွဲတမ်း လုံး၀ ချမပေးသည့်ပြည်နယ်နှင့်မြို့နယ်များ စာရင်း ထုတ်ပြန်

Must read

အကြမ်းဖက်စစ်ကောင်စီက စက်သုံးဆီခွဲတမ်း လုံး၀ ချမပေးသည့်ပြည်နယ်နှင့်မြို့နယ်များ စာရင်း ထုတ်ပြန်

ရန်ကုန်၊ နိုဝင်ဘာ ၁၈

အကြမ်းဖက်စစ်ကောင်စီက စက်သုံးဆီခွဲတမ်း လုံး၀ ချမပေးသည့်ပြည်နယ်နှင့်မြို့နယ်များ စာရင်း ထုတ်ပြန်လိုက်ကြောင်း မြန်မာနိုင်ငံစက်သုံးဆီလုပ်ငန်းရှင်များအသင်းထံမှ သိရှိရသည်။

နိုဝင်ဘာလ ၁၇ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ စွမ်းအင်ဝန်ကြီးဌာနက ထိုသို့ အသိပေးလာခြင်းဖြစ်ပြီး မည်သည့်အကြောင်းအရာနှင့်မှ အဆိုပါ မြို့နယ်များသို့ စက်သုံးဆီများ သယ်ယူပို့ဆောင်ခြင်း မပြုလုပ်ကြရန်၊ ပိတ်ပင်ထားသော နယ်မြေများမှ သက်ဆိုင်ရာစစ်တပ်နှင့်ရုံးဌာနများအတွက် စက်သုံးဆီများကို အထူးကိစ္စရပ်အဖြစ် ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရှိရသည်။

စစ်ကောင်စီက စက်သုံးဆီ PO များ လုံး၀ ချထားပေးခြင်းမပြုရသည့် နေရာများတွင် ကချင်ပြည်နယ်တွင် မြစ်ကြီးနားမြို့မှ လွဲ၍ မြို့နယ်များအားလုံးပါဝင်နေကြောင်း၊ လားရှိုး၊ နောင်ချို အပါအဝင် ရှမ်းမြောက်ဒေသတစ်ခုလုံး၊ ချင်းပြည်နယ်ရှိ မြို့နယ်များအားလုံး စက်သုံးဆီ PO လုံး၀ မချထားပေးတော့ကြောင်း သိရှိရသည်။

စစ်ကောင်စီ၏ ညွှန်ကြားချက်အရ စက်သုံးဆီ ချပေးခြင်းမရှိတော့ဘဲ ပိတ်ပင်လိုက်သည့်မြို့နယ်များမှာ ထီးချိုင့်၊ ပုလဲ၊ ဝက်လက်၊ ဗန်းမောက်၊ မင်းလှ၊ မော်လိုက်၊ ကသာ၊ မိုးမိတ်၊ ချောင်းဦး၊ နောင်ချို၊ လားရှိုး၊ ခမ်းပက်၊ မိုင်းရယ်၊ ကလေး၊ ဆားလင်းကြီး၊ ကျွန်းလှ၊ ရေဦး၊ ဖောင်းပြင်၊ မြင်းမူ၊ နဘား၊ ဘုတလင်၊ အင်းတော်၊ ယင်းမာပင်၊ ရေနီ၊ ကန့်ဘလူ၊ တမူး၊ မြောင်၊ ခင်ဦး၊ ဒီပဲယင်း၊ ကောလင်း၊ ပေါက်(မကွေး)၊ မိုးကုတ်၊ မြင်းခြံတို့ ပါဝင်ကြောင်း သိရှိရသည်။

“ထုတ်ပြန်လိုက်တဲ့ မြို့နယ်တွေမှာရှိတဲ့ ဆီဆိုင်တွေကို PO စက်သုံးဆီခွဲတမ်းတွေ လုံး၀ ထုတ်မပေးတော့ဘူးလို့ ပြောတာပါ။ PO ချမပေးတော့ဘူး။ ဘာအကြောင်းနဲ့မှ အဲဒီဆီဆိုင်တွေကို ဆီ ထုတ်ပေးစရာမလိုတော့တဲ့သဘောပါပဲ။ ဘာအကြောင်းနဲ့မှ အဲဒီဘက်ကိုဆီသယ်လို့ မရပါဘူး” ဟု ဆီလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

စစ်ကောင်စီက စက်သုံးဆီအရောင်းဆိုင်များနှင့် ကုမ္ပဏီများကို တင်းကျပ်မှုများ လုပ်ဆောင်လာရာတွင် အထူးသဖြင့် စက်သုံးဆီ သယ်ဆောင်ရာတွင် တင်ပြခွင့်ပြုထားသည့် ခရီးဆုံးနေရာအထိ သယ်ယူမည့် စက်သုံးဆီပမာဏအတိအကျကို အလေအလွင့်မရှိဘဲ သယ်ယူရန်၊ ဆီသယ်ယူရာတွင်လည်း တင်ပြခွင့်ပြုထားသည့် ဆီဘောက်ဆာယာဉ်မှလွဲ၍ မည်သည့်အစားထိုးယာဉ်ကိုမှ အသုံးပြုခြင်းမပြုရန်၊ ရောင်းချရန် ခွင့်ပြုထားသည့် စက်သုံးဆီပမာဏအတိုင်း ရောင်းဝယ်ရန်၊ ဆီသိုလှောင်၍ ပြင်ပသို့ ထုတ်ရောင်းခြင်း လုံး၀(လုံး၀) မပြုလုပ်ရန် စည်းကမ်းချက်နှင့် ညွှန်ကြားချက်အသစ်များ ထုတ်ပြန် တင်း ကျပ်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ- ဆီဆိုင်များကို ဝင်ရောက်စစ်ဆေးနေသည့် အကြမ်းဖက်စစ်တပ် လက်အောက်ခံ ဌာနဆိုင်ရာများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article