24 C
Yangon

ကလေးမြို့နယ်နှင့်ချောင်းဦးမြို့နယ်တို့တွင် စစ်တပ်စစ်ကြောင်းနှင့် စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆ ဦးသေဆုံးဟုဆို

Must read

ကလေးမြို့နယ်နှင့်ချောင်းဦးမြို့နယ်တို့တွင် စစ်တပ်စစ်ကြောင်းနှင့် စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆ ဦးသေဆုံးဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၁၈

စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ကင်းလှည့်နေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်ကို မိုင်းခွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၆ ရက်နေ့ ည နေ ၆ နာရီ ၂၈ မိနစ်ခန့်အချိန် ကလေးမြို့ ဘူတာလမ်းဆုံတွင် ကင်းလှည့်နေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၀ ဦးခန့်ကို တော်လှန်ရေး တပ်ဖွဲ့များက မိုင်းခွဲ တိုက်ခိုက်ခဲ့ကြောင်း ၊ ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံးပြီး ၈ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း၊ စစ်သား ၅ ဦးမှာ ဒဏ်ရာ အခြေအနေ ပြင်းထန်ကြောင်းသိရှိရသည်။

“ကလေးမြို့ ဘူတာလမ်းဆုံမှာ ကင်းလှည့်နေတဲ့ စစ်ခွေးတွေကို ဗုံးခွဲတိုက်ခိုက်တာ ၈ ကောင် ဒဏ်ရာရတယ်လို့ သိရတယ်။ ၂ ကောင်ကတော့ ပွဲချင်းပြီးသေတယ်။ ဒဏ်ရာရတဲ့ထဲက ၅ ကောင်ကတော့ ပြင်းထန်တယ်လို့ သိရတယ်” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။

အလားတူ နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက် ၁၁ နာရီ ခန့် အချိန် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ချောင်းဦး – မြင်းမူ ကားလမ်း ပေါ် သံလွင်မြန်မာ ဆီဆိုင် အနီးရှိ စစ်ကောင်စီ ကင်းစခန်း မှနေ၍ ခရီးသွားကား နှင့် ဆိုင်ကယ်များကို ဆက်ကြေးကောက်လျက်ရှိသော စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်များက ၂ ကြိမ် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း လျှပ်စီးတပ်ခွဲ(မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း၊ တပ်ခွဲ -၃) မှ ဗိုလ်မိုးကြိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စစ်တပ်စစ်ကြောင်းကို ပထမဦးစွာ တိုက်ခိုက်မှုအနေဖြင့် မဟာမိတ်တော်လှန်ရေးတပ်များမှ မိုင်း ကျွမ်းကျင် ရဲဘော်များက အသင့် စီမံထားသော မိုင်ုကွင်း အနီးရောက်ရှိလာသော စစ်ကောင်စီ တပ်သား ၄ ဦးကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား များ ထိခိုက် ကျဆုံးမှု ရှိခဲ့ကြောင်း၊ ဒုတိယအကြိမ် တိုက်ခိုက်မှု အနေဖြင့် စစ်ကောင်စီ တပ်သားများကို အသင့် နေရာ ယူ ထားသော နေရာများမှ မဟာမိတ် တော်လှန်ရေးရဲဘော်များကို စနိုက်ပါ နှင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းအပြင် ၄၀ မမ ဗုံးလက်နက်ဖြင့်လည်း တစ်ကြိမ် ပစ်ခတ်၍ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရှိရသည်။

စစ်တပ်စစ်ကြောင်းကို ၂ ကြိမ် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံးပြီး တစ်ဦး အပြင်းအထန် ဒဏ်ရာ ရရှိကြောင်း ၊ စစ်ဆင်ရေးကို လျှပ်စီးတပ်ခွဲ ( မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း၊ တပ်ခွဲ-၃)၊ ရေနဂါး ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မီးတောက်ခွဲ ( မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း ၊ တပ်ခွဲ -၄)၊ မုံရွာခရိုင် အမှတ်-၁၅ တပ်ရင်းတို့က အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- မုံရွာလျှပ်စီးတပ်ခွဲမှ PDF တပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article