26 C
Yangon

ပခုက္ကူမြို့ လေဆိပ်တွင် တပ်စွဲထားသော စစ်တပ်နှင့် မြင်းမူတွင် မိုင်းရှင်းနေသော စစ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ အရာရှိ ၁ ဦးသေဆုံး

Must read

ပခုက္ကူမြို့ လေဆိပ်တွင် တပ်စွဲထားသော စစ်တပ်နှင့် မြင်းမူတွင် မိုင်းရှင်းနေသော စစ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ အရာရှိ ၁ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁၈

မကွေးတိုင်း၊ ပခုက္ကူမြို့ လေဆိပ်တွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Shwe Nyar Myae PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။

နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ပခုက္ကူလေဆိပ်၌ အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ၅၀၀ မမ လက်နက်ကြီး ၃ လုံး၊ Rocket ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သားများ အထိုင်ချရာ နေရာအနီးကို ကျရောက် ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ရေစကြိုတပ်ပေါင်းစု၊ ဒေါင်းသွေးနီ၊ မြိုင် လက်နက်ကြီး မဟာမိတ်အဖွဲ့များနှင့် Shwe Nyar Myae PDFတို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပိုင်းတွင် စစ်ကား ၁ စီးနှင့် မိုင်းရှင်းနေသော စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ဗိုလ် ၁ ဦးသေဆုံးခဲ့ကြောင်း BLDF အညာမိုင်းတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ နိုဝင်ဘာလ ၁၈ ရက် နံနက် ၆ နာရီ ၅၈ မိနစ်ခန့်တွင် မြင်းမူမြို့နယ်၊ ဒို့မြန်မာဆီဆိုင်၌ တပ်စွဲ ထားသော အကြမ်းဖက်စစ်သားများသည် မိုင်းရှင်းရန် ထွက်လာစဉ် အလ္လကပ္ပကျေးရွာအရှေ့ရှိ ကုက္ကိုလ်တန်း အရောက်တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် နံနက် ၈ နာရီခန့်တွင် မြင်းမူမြို့မှ မြောင်လမ်းခွဲဘက်ကို ထွက်လာသည့် အကြမ်းဖက် စစ်ကား ၁ စီးကို အလ္လကပ္ပကျေးရွာအနောက် ဘက်အရောက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ခြေလျင်ရော၊ ကားတစ်စီးရော ၂ ပွိုင့်ဆွဲခဲ့တာပါ။ အလ္လကပ္ပရွာရဲ့ အရှေ့ဘက်တစ်ပွိုင့်နဲ့အနောက် ဘက်တစ်ပွိုင့်ပါ။ ဗိုလ်သေတာက ကားမိုင်းဆွဲတဲ့ အချိန်သေတာ ကျန်တဲ့ထိခိုက်ဒဏ်ရာရ သေဆုံးစာရင်းက အတိအကျမသိရဘူး။ ဗိုလ်သေတာပဲ သိရပါတယ်။ သေဆုံးသွားတဲ့ ဗိုလ်ကိုတော့ မြင်းမူမြို့မှာ နာရေးအခမ်းအနားလုပ်တယ်လို့ သိရပါတယ်” ဟု BLDF အညာမိုင်းတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး BLDF တပ်ခွဲ အညာမိုင်း တပ်ခွဲ၊ ဇာမဏီ တပ်ဖွဲ့ နှင့် ဒေါင်းဘုရင်တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ် ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article